သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ သံဝေဇနိယလေးဌာနရှိ ဘုရားစေတီများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သံဝေဇနိယလေးဌာန( ဖွား၊ ပွင့်၊ ဟော၊ စံ)ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ၁၂.၄.၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ သံဝေဇနိယလေးဌာန( ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များ၏ ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံဝေဇနိယလေးဌာန ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော် ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး အလှည့်ကျသဘာပတိက ငလျင်ဒဏ်ကြောင့် သံဝေဇနိယလေးဌာန အတွင်းရှိ ဘုရားစေတီများ၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်အင်ဂျင်နီယာ ပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ မြန်မာမှုပညာရှင်များနှင့် အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်ထိန်းသိမ်း တည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ်သွားရန်၊ ဆောင်ရွက်မည့် အစီအမံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူ ဆောင်ရွက်သွားရန် ဂေါပကအဖွဲ့ဝင်များအား မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွင့်စေတီပရိဝုဏ်ရှိ ပဋ္ဌာန်းဆောင်နှင့် ဘုရားဖူးနားနေဆောင် မြန်မာမှုပန်းကနုတ်များ၊ အင်္ဂတေများ ပြုတ်ကျပျက်စီးမှု၊ ဗုဒ္ဓဂယာကျောင်းနှင့် ကန်ပတ်လမ်းအဝင်ကွန်ကရစ်လမ်းအက်ကွဲမှု၊ ဗုဒ္ဓဂယာဘုန်းတော်ကြီးကျောင်း လှေခါးအဆင်း ကွန်ကရစ်လမ်း အက်ကွဲမှု၊ မုစလိန္ဒာကန်အရှေ့ဘက်အဆောင် အောက်ခြေကွဲအက်၍ အခင်းကြွေပြား များ နိမ့်ကျကွဲအက်မှု၊ မဟာဗောဓိစေတီ ဗောဓိညောင်ပင်ရှိ လှေခါးအုတ်ခုံနှင့် ကွန်ကရစ်လမ်း ကွဲအက်ပျက်စီးမှုများကို လည်းကောင်း၊ ဟောစေတီပရိဝုဏ်ရှိ ဓမ္မေခစေတီ အပေါ်ပိုင်းအုတ်များ၊ အင်္ဂတေများ ကွဲအက်ပျက်စီးမှု၊ အတွင်းပိုင်း မျက်နှာကြက်များ ကွဲကျပျက်စီးမှု၊ ဟောစေတီအတွင်း အခင်းကျောက်ပြားများ ကွဲအက်ပျက်စီးမှုနှင့်အုတ်စည်းရိုး၊ ခြံစည်းရိုးသံပန်းများ ကျိုးပဲ့ပျက်စီးမှု၊ နန္ဒိယကျောင်းဆောင်နှင့် ဓမ္မရာဇိကစေတီ အောက်ခြေအုတ်ခုံနှင့် အုတ်လှေခါးများ ပျက်စီးမှု၊ ဟောစေတီ အဝင်ကွန်ကရစ်လမ်းများ ကွဲအက်ပျက်စီးမှု၊ အုတ်နံရံများ ပြိုကျပျက်စီးမှု၊ စံစေတီသို့ အထွက် ကွန်ကရစ်လမ်း ၂ ပေခန့် နိမ့်ကျအက်ကွဲမှု၊ ဟောစေတီဌာန Transformer သေတ္တာလဲကျ၍ မီးလိုင်းများ ပျက်စီးမှု၊ ဘုရားဖူးနားနေဆောင် မြေကျွံ၍ နားနေဆောင်ကြမ်းခင်း ကွဲအက်ပျက်စီးမှု များကိုလည်းကောင်း၊ စံစေတီတော်ပရိဝုဏ် အဝင်သံတံတားလမ်းချော်၍ အဝင်လမ်းကျောက်သားများ ကွဲအက်ပျက်စီးမှု၊ ယာဉ်ရပ်နားကွင်း လမ်းသားကွဲအက်ပျက်စီးမှုနှင့် ရေနုတ်မြောင်းဘောင် ကွဲအက် ပျက်စီးမှု၊ တေဇောဓါတုစေတီတော်လိုဏ်အတွင်းရှိ အောက်ခံကွန်ကရစ်တိုင်များ ကွဲအက်ပျက်စီးမှု များကိုလည်းကောင်း၊ ဖွားစေတီပရိဝုဏ်အုတ်နံရံအက်ကွဲမှု၊ အခင်းကျောက်ပြားများ အက်ကွဲပျက်စီးမှု၊ ရေသန့်စက် ပြိုကျပျက်စီးမှု၊ မယ်တော်မာယာကန် အောက်ခြေအက်ကွဲ၍ ရေယိုစိမ့်မှု၊ ယာဉ်ရပ်နားကွင်း မြေကျွံနိမ့်ကျအက်ကွဲပျက်စီးမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောာင်စုဝန်ကြီးက ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ မြန်မာမှုပညာရှင်များနှင့် အသေးစိတ် ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်ထိန်းသိမ်း တည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ် သွားရန် စေတီတော်ဂေါပကအဖွဲ့ဝင်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။





