မြို့နယ်အဆင့်

မြို့နယ်အဆင့် 

– မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့

– မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့

 

[သတ္တမအကြိမ်၊ နိုင်/ဗဟို၊ တတိယအစည်းအဝေး ၂၀၁၅ ပြင်ဆင်ချက်မှ အမှတ်စဉ်အတိုင်း ကောက်နုတ်ချက်]

 

သံဃဝိနိစ္ဆယအဖွဲ့(ဝိလုပ်ထုံး)

သံဃဝိနိစ္ဆယအဖွဲ့ဆိုသည်မှာ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းကို ကြားနာစစ်ဆေးဆုံးဖြတ်ရန် အတွက် လုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းထားသော ဝိနည်းဓိုရ်ဆရာတော်များပါဝင်သည့် သံဃဝိနိစ္ဆယအဖွဲ့ ကို ဆိုသည်။

 

ဝိနည်းဓိုရ်(ဝိလုပ်ထုံး)

ဝိနည်းဓိုရ်ဆိုသည်မှာ ဝိနည်းတော်ကိုဆောင်၍ ဝိနည်းတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်သော ရဟန်းတော်ကို ဆိုသည်။

 

စောဒက(ဝိလုပ်ထုံး)

စောဒကဆိုသည်မှာ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းနှင့် စပ်လျဉ်းသော တစ်ဖက်စုဒိတက၏ အပြစ်ကို ထင်စွာဖော်ပြ၍ အဆုံးအဖြတ်ရယူလိုသော တရားလိုပုဂ္ဂိုလ်ကို ဆိုသည်။

 

စောဒကပုဂ္ဂိုလ်၏ ကျင့်ဝတ်များ(ဝိနိစ္ဆယလက်စွဲ)

စောဒကပုဂ္ဂိုလ်သည် စုဒိတကပုဂ္ဂိုလ်ကို စောဒနာရာ၌ ဖော်ပြလတ္တံ့ပါ ကျင့်ဝတ်တရား ငါးပါးတို့၌ ရပ်တည်လျက် စောဒနာရမည်-

(၁)  သင့်လျော်လျောက်ပတ်သောအခါ၌ ပြောဆိုရမည်၊ မသင့်လျော်သောအခါ၌ မပြောဆိုရ။

(၂)  ဟုတ်မှန်သည်ကို ပြောဆိုရမည်၊ မဟုတ်မမှန်သည်ကို မပြောဆိုရ။

(၃)  သိမ်မွေ့နူးညံ့စွာ ပြောဆိုရမည်၊ ကြမ်းတမ်းစွာ မပြော မဆိုရ။

(၄)  အကျိုးစီးပွားနှင့် စပ်သဖြင့် ပြောဆိုရမည်၊ အကျိုးစီးပွားနှင့် မစပ်သဖြင့် မပြောဆိုရ။

(၅)  မေတ္တာစိတ်ရှိသည်ဖြစ်၍ ပြောဆိုရမည်၊ ဒေါသစိတ်ဖြင့် မပြော, မဆိုရ။
 

စုဒိတက(ဝိလုပ်ထုံး)

စုဒိတကဆိုသည်မှာ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းနှင့်စပ်လျဉ်း၍ အပြစ်ရှိသည်ဟု အစွပ်စွဲခံရသော တရားပြိုင်ပုဂ္ဂိုလ်ကို ဆိုသည်။

 

စုဒိတကပုဂ္ဂိုလ်၏ ကျင့်ဝတ်များ(ဝိနိစ္ဆယလက်စွဲ)

စုဒိတကပုဂ္ဂိုလ်သည် သံဃဝိနိစ္ဆယအဖွဲ့ ရှေ့မှောက်၌ ဖော်ပြလတ္တံ့ပါ ကျင့်ဝတ်တရားနှစ်ပါး၌ တည်သောအားဖြင့် လိုက်နာကျင့်သုံးရမည်-

(၁)  လွန်ကျူးမိလျှင် လွန်ကျူးမိကြောင်း စသည်ဖြင့် အမှန်အတိုင်း ထွက်ဆိုရမည်။

(၂)  စောဒကပုဂ္ဂိုလ်၌ လည်းကောင်း၊ အမှုစစ်ဆေးသည့် ဝိနည်းဓိုရ်ဆရာတော် အပေါ်၌ လည်းကောင်း၊ တရားခွင်သို့ လာရောက်နားထောင်ကြသည့် သံဃာ့ပရိသတ်၊ လူပရိသတ်၌ လည်းကောင်း ဒေါသအမျက် မထွက်မိစေရန် သတိဖြင့် စောင့်ထိန်းရမည်။
 

ဝိနည်းဓိုရ်အဖြစ် အရွေးခံမည့် ဆရာတော်၏ ဂုဏ်အင်္ဂါအရည်အချင်း (ဝိလုပ်ထုံး)

(က)   သိက္ခာတော်အနည်းဆုံး(၁၀)ဝါရှိပြီး ဖြစ်ရမည်၊

(ခ)   ဝိနည်းတော်၌ ကျွမ်းကျင်လိမ္မာရမည်၊

(ဂ)   ဝိနည်းတော်ကို လေးစားမြတ်နိုး၍ အကျင့်သိက္ခာဂုဏ်နှင့် ပြည့်စုံရမည်၊

(ဃ)   အဂတိလိုက်စားခြင်းမှ ကင်းစင်ရမည်၊

(င)   ရဟန်း၊ ရှင် လူအများတို့၏ ယုံကြည်ကိုးစားခြင်း၊ ကြည်ညိုလေးစားခြင်းခံရသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(စ)   ကျောင်းထိုင်ဆရာတော်/ကျောင်းတိုက်၏ နာယကဆရာတော်/ တိုက်အုပ်ဆရာ တော်/ တိုက်ကြပ်ဆရာတော် သို့မဟုတ် စာချဆရာတော်ဖြစ်ရမည်၊

(ဆ)   ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းဆိုင်ရာ ကိစ္စများကို ကျေပွန်စွာ ဆောင်ရွက် လိုစိတ်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရမည်၊

(ဇ)   ရွေးချယ်တင်မြှောက်ရာ မြို့နယ်၌ ဝါကပ်သီတင်းသုံးသော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဈ)   ဂုဏ်အင်္ဂါအရည်အချင်း ပျက်ယွင်းခြင်းစသော အကြောင်းကြောင့် မိမိဆောင်ရွက်ရာ သံဃာ့အဖွဲ့အစည်းမှ ထုတ်ပယ်ထားခြင်း မခံရသူဖြစ်ရမည်၊

(ည)   သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၌ ပါဝင်ခွင့်မှ ပယ်ထားခြင်း/ သံဃနာယကအဖွဲ့ အစုမှ ကြဉ်ထားခြင်းမခံရသူ ဖြစ်ရမည်၊

(ဋ)   တိုင်းဒေသကြီး/ ပြည်နယ် ဝိနည်းဓိုရ်သည် အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်အပြင် အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ တက္ကသီလ ဓမ္မာစရိယ၊ ဝိနယဝိဒူ တစ်ခုခု အောင်မြင်ပြီးသည့် ပုဂ္ဂိုလ်ဖြစ်ရမည်။
 

(ခြွင်းချက်)   ယင်းဘွဲ့ရ ပုဂ္ဂိုလ်များ မရှိပါက အခြားသင့်လျော်သော ပုဂ္ဂိုလ်ကို ရွေးချယ်ရမည်။
 

ဓမ္မ, အဓမ္မအငြင်းပွားမှု(ဝိနိစ္ဆယလက်စွဲ)

၂၅။   သာသနာတော်တစ်ရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ, အဓမ္မ စသည့် မှုခင်းနှင့်ပတ်သတ်၍ စောဒနာလိုပါက စောဒကသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့သာ တိုက်ရိုက်တင်သွင်းစွဲဆို ရမည်။

 

နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ စွပ်စွဲခံရမှု(ဝိနိစ္ဆယလက်စွဲ)

၂၆။   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော် တစ်ပါးပါးကို အန္တိမဝတ္ထုဖြင့် စောဒနာရန် အကြောင်းပေါ်ပေါက်လာပါက စောဒကသည် စောဒနာလွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တိုက်ရိုက်တင်သွင်းစွဲဆိုရမည်။

၂၇။   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်/ နိုင်ငံတော်သံဃမဟာနာယကဆရာတော်/ နိုင်ငံတော်သြဝါဒါစရိယဆရာတော် တစ်ပါးပါးကို အန္တိမဝတ္ထုဖြင့် စောဒနာခြင်းမှတစ်ပါး အခြားသော ဝိနည်းဓမ္မကံမှုဖြင့် စောဒနာခြင်းဖြစ်ပါက ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ်(၅၇)မှတစ်ပါး အခြားသတ်မှတ်ချက်များ အတိုင်းသက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့(သို့မဟုတ်) တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သို့ စောဒနာလွှာ တင်သွင်းစောဒနာနိုင်သည်။

Next Page