ထေရဝါဒဗုဒ္ဓသာသနာနှင့် သင်္ဂါယနာ

မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာပုံကို တင်ပြရလျှင် ဘုရားသမိုင်းများနှင့် ဆက်စပ် နေသည်။ တပုဿနှင့် ဘလ္လိက ညီနောင်တို့အား မြတ်စွာဘုရားက ဆံတော်များ ချီးမြှင့်ခဲ့ရာ ရွှေတိဂုံ စေတီအပါအဝင် ဆံတော်ရှင်စေတီများ တည်ထားကိုးကွယ်ခဲ့ကြသည်ကို ထောက်ရှု၍ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ဗုဒ္ဓသာသနာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု ဆိုရ ပေမည်။ ထို့ပြင် ထင်ရှားသော ဆံတော်ရှင်စေတီအများအပြားကိုလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တည်ထားကိုးကွယ်ကြပါသည်။

ထေရဝါဒဗုဒ္ဓသာသနာရောက်ရှိထွန်းကားမှုနှင့် စပ်လျဉ်း၍ အထောက်အထားအခိုင်အမာ တွေ့ရှိ ရသည်မှာ တတိယသံဂါယနာတင်ပြီးနောက် အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿမထေရ်နှင့် သီရိဓမ္မာသောက မင်းကြီးတို့ ညှိနှိုင်း၍ ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့ ဦးဆောင်သည့် သာသနာပြုအဖွဲ့ သုဝဏ္ဏဘူမိဒေသသို့ သာသနာပြု ကြွရောက်ရာမှ စတင်ပါသည်။ သုဝဏ္ဏဘူမိနှင့်ပတ်သက်၍ မည်သည့်နေရာသည် မူလသုဝဏ္ဏ ဘူမိဖြစ်သည်ဟု ပညာရှင် တို့အကြား အငြင်းပွားမှုရှိလင့်ကစား သုဝဏ္ဏဘူမိကို အခြေပြု၍ မြန်မာပြည် ဗုဒ္ဓသာသနာ ထွန်းကားမှု ၌မူ အငြင်းပွားမှု မရှိချေ။ သုဝဏ္ဏဘူမိမှတစ်ဆင့် ပုဂံသို့ သာသနာရောက်သည်။ ပုဂံခေတ်တွင် ထေရ ဝါဒဗုဒ္ဓသာသနာ စတင်ထွန်းကားသည်။ ပုဂံမင်းဆက် ၅၀ရှိရာတွင် မင်းဆက် ၄၀လောက်မှာ ထေရဝါဒနည်းနည်း မဟာယာနများများဖြစ်သည်။ မဟာယာနဝါဒမှာ ပျူခေတ်၏ အမွေဟုလည်း ဆိုနိုင်သည်။ သို့ရာတွင် “ယေဓမ္မာ ဟေတုပ္ပ ဘဝါ” စသော ထေရဝါဒစစ်စစ် အမှတ်အသားအချို့ကို လည်း ပျူခေတ်ယဉ်ကျေးမှုလက်ရာများတွင် တွေ့ရှိကြောင်း ပညာရှင်များက တင်ပြကြပါသည်။

ထို့ကြောင့် မြန်မာပြည်သို့ ဗုဒ္ဓသာသနာရောက်ရှိမှုနှင့် စပ်လျဉ်း၍ အစောပိုင်း ရောက်ရှိမှုသည် ယေဘုယျဆန်သည်။ တတိယသံဂါယနာနောက်ပိုင်း ရောက်ရှိမှုသည် စာပေကျမ်းဂန်နှင့်တကွ ရောက်ရှိ သဖြင့် ခိုင်မာသည်။ သံဂါယနာကို အခြေခံ၍သာ ထေရဝါဒဗုဒ္ဓသာသနာ ဖြစ်ပေါ်ထွန်းကားလာ သဖြင့် သံဂါယနာသမိုင်းများကို အကျဉ်းမျှ တင်ပြအပ်ပါသည်။ ထို့ပြင် မြန်မာပြည် သံဃာ့ဂိုဏ်းများ ကွဲပြားမှုသည် အာစရိယဝါဒ ကွဲပြားမှုသာ ဖြစ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေး အယူဝါဒနှင့် သီလ (အကျင့်စရဏပိုင်း)တို့၌ ကွဲပြားမှုမရှိကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ သို့ပါ၍ သံဂါယနာများ နောက်ပိုင်းတွင် မျက်မှောက်ခေတ် တရားဝင်တည်ရှိသော သံဃာ့ဂိုဏ်းကြီးများ သမိုင်းအကျဉ်းကို ဆက်လက် တင်ပြထားပါသည်။

 

ပထမသံဂါယနာ။ သာသနာတော်နှစ်(၁) (ခရစ်တော်မပေါ်မီ ၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် (၃)လ အချိန်တွင် ရာဇဂြိုဟ်ပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလိုဏ်ဂူ မဏ္ဍပ်တော်၌ ပထမသံဂါယနာတင်ခဲ့၏။ သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးက သာသနာတော်အား ထိပါးပုတ်ခတ်သော စကားများကို ပြောဆိုသည့် သာသနာ့အန္တရာယ် ပေါ်ပေါက်သဖြင့် အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာ မဟာထေရ်ကြီး အပါး(၅၀၀)တို့က သံဂါယနာတင်တော်မူခဲ့ ကြသည်။ ထိုသို့တင်ရာတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ပံ့ပိုး ကူညီခဲ့ကြသည်။ သာသနာတော်နှစ်(၁)၊ ဝါခေါင်လပြည့်နေ့မှစ၍ သံဂါယနာတင်ကြရာမှ ပြီးဆုံးသည်အထိ (၇)လကြာလေသည်။ ထိုသံဂါယနာသည် နှုတ်တက်ရွတ်ဆိုသော သံဂါယနာ ဖြစ်၏။

ဒုတိယသံဂါယနာ။ သာသနာတော်နှစ်(၁၀၀) (ခရစ်တော် မပေါ်မီ ၄၄၃-ဘီစီ)တွင် ဝေသာလီပြည် ဝါဠုကာရာမကျောင်းတိုက်၌ ဒုတိယသံဂါယနာတင်ခဲ့သည်။ ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းကောင်းတို့၏ ဝိနည်းကျင့်ဝတ်နှင့် မညီသောအကျင့် (အဓမ္မ ဝတ္ထု) (၁၀)ပါးကို ဟောပြောပြုကျင့်ကြသော သာသနာ့အန္တရာယ် ပေါ်လာသောကြောင့် သံဂါယနာတင်ခြင်းဖြစ်သည်။ အရှင်ယသ၊ အရှင်သဗ္ဗကာမီ၊ အရှင်ရေဝတ အမှူးပြုသော ရဟန္တာမဟာထေရ်ကြီး အပါး(၇၀၀)တို့က ဒုတိယအကြိမ်မြောက် သံဂါယနာတင်တော်မူခဲ့ကြ သည်။ ထိုသို့တင်ရာတွင် ဝေသာလိပြည် ကာလာသောကမင်းနှင့် ပြည်သူ ပြည်သားတို့ကလည်း အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသည်။ နှုတ်ဖြင့် ရွတ်ဆိုပြုလုပ်သော သံဂါယနာ ဖြစ်သည်။ အချိန်ကာလ(၈)လကြာမြင့်လေသည်။

တတိယသံဂါယနာ။ သာသနာတော်နှစ်(၂၃၅) (ခရစ်တော် မပေါ်မီ ၃၀၈-ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကာရုံ ကျောင်းတိုက်၌ တတိယသံဂါယနာတင်ခဲ့သည်။ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာကြသော သာသနာ့အန္တရာယ်ကြောင့် တတိယသံဂါယနာ တင်ခြင်းဖြစ်သည်။

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္စျန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာ မဟာထေရ်ကြီး အပါး(၁၀၀၀)တို့က တတိယအကြိမ်မြောက် သံဂါယနာ တင်ခဲ့ကြသည်။ ထိုသို့ တင်ရာတွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသည်။ နှုတ်ဖြင့် ရွတ်ဆိုပြုလုပ်သော သံဂါယနာဖြစ်သည်။ အချိန်ကာလအားဖြင့် (၉)လ ကြာမြင့်လေသည်။ ထိုတတိယသံဂါယနာတင်သည့်အချိန်က ကိုင်းတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်တော်မူခဲ့ကြသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာအရှင်မြတ်ကြီး ငါးပါး ကြွရောက်သာသနာပြုခဲ့ကြသည်။

စတုတ္ထသံဂါယနာ။ သာသနာတော်နှစ် (၄၅၀)(ခရစ်တော်မပေါ်မီ ၉၄-ဘီစီ)တွင် သီရိလင်္ကာ (သိုဟိုဠ်)နိုင်ငံ မလယဇနပုဒ်၊ အာလောကလိုဏ်ဂူ၌ စတုတ္ထသံဂါယနာတင်ခဲ့သည်။

သီရိလင်္ကာ(သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို (၁၂)နှစ်ကြာ ခံစားကြရသောကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် ရဟန်းသံဃာတော်များက အလွန်ပင်ပန်းခက်ခဲစွာ ဆောင်ထားကြရလေသည်။ နောက်ကာလတွင် ဤသို့ ဘေးအန္တရာယ် ပေါ်ပေါက်ပါက သတိ၊ သမာဓိ၊ ပညာ ဆုတ်ယုတ်ပြီး နှုတ်တက်မဆောင်နိုင်မည်ကို မြင်တော်မူကြသဖြင့် စတုတ္ထအကြိမ်မြောက် သံဂါယနာတင်ခြင်းဖြစ်သည်။

အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါးငါးရာတို့က သီရိလင်္ကာ (သီဟိုဠ်)နိုင်ငံ ဝဋ္ဋဂါမဏိမင်းလက်ထက်တွင် ပေရွက်၌ အက္ခရာတင်ကာ စတုတ္ထအကြိမ်မြောက် သံဂါယနာ တင်တော်မူခဲ့ကြသည်။ မလယဇနပုဒ်နေ အကြီးအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သား တို့က အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသည်။ အချိန်ကာလ(၁)နှစ်ကြာလေသည်။

ပဉ္စမသံဂါယနာ။ သာသနာတော်နှစ် ၂၄၁၅(ခရစ်နှစ်-၁၈၇၁)၊ မြန်မာသက္ကရာဇ် ၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း(၁)ရက်နေ့တွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့(ရတနာပုံနေပြည်တော်)၌ ပဉ္စမသံဂါယနာတင်ခဲ့သည်။ ပိဋကတ်တော်များကို ပေပုရပိုက်များပေါ်တွင် ရေးသားထားခြင်း ဖြင့် ကြာရှည်စွာ မခိုင်မြဲနိုင်ခြင်း၊ မူအမျိုးမျိုး ကွဲပြားနေခြင်းစသော အန္တရာယ်များ ကင်းပျောက် စေရန် ကျောက်ထက်အက္ခရာတင်ကာ ပဉ္စမအကြိမ်မြောက် သံဂါယနာတင်ခြင်းဖြစ်သည်။

မန္တလေးမြို့၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော် တိပိဋကဓရ မဟာဓမ္မရာ ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဇာဂရာဘိဝံသမဟာထေရ်အမှူးပြုသော သံဃာတော်အပါး(၂၄၀၀) တို့က သံဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့သံဂါယနာတင်ရာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန်(ကုသိုလ်တော်)ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ(၇၂၉)ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သံဂါယနာတင်ရာ (၇-နှစ်၊ ၆-လ၊ ၁၄-ရက်)ကြာလေသည်။ ယင်းနောက် နှုတ်ဖြင့် ရွတ်ဆို၍ သံဂါယနာတင်ရာ(၅-လ နှင့် ၃-ရက်) အကြာတွင် ပြီးစီးအောင်မြင်ခဲ့လေသည်။

ပဉ္စမသံဂါယနာတင်အပြီးတွင် ပိဋကတ်တော်များကို နိဿယမြန်မာပြန်ရန် တာဝန် ခွဲဝေဆောင် ရွက်ခြင်း၊ ဓမ္မဝိနယအမိန့်တော်ပြန်တမ်းကို တစ်နိုင်ငံလုံးသို့ ထုတ်ပြန်ဆင့်ဆို၍ သာသနာတော် သန့်ရှင်းပြန့်ပွားအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဆဋ္ဌသံဂါယနာ။ သာသနာတော်နှစ် ၂၄၉၈၊ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ခရစ် ၁၉၅၄ တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ တော်ကြီး၌ ဆဋ္ဌသံဂါယနာတင်ခဲ့သည်။

မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ၌ နှစ်(၁၀၀)ခန့် နေခဲ့ရ၍ ဗုဒ္ဓသာသနာတော် ညှိုးနွမ်း လျက်ရှိရာ သာသနာတော်သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့ကို ရှေးရှု၍ ဆဋ္ဌအကြိမ်မြောက် သံဂါယနာတင်ခြင်းဖြစ်သည်။ ညောင်ရမ်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တရေဝတ၊ မဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောဘဏ (ပုစ္ဆက)၊ မင်းကွန်းဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဝိသဇ္ဇက) စသော ထေရဝါဒ(၅)နိုင်ငံမှ ရဟန်းသံဃာတော်(၂၅၀၀)တို့က သံဂါယနာ တင်တော်မူခဲ့ကြ သည်။ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူ ပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားဟူသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း(၂၅)နိုင်ငံတို့ကလည်း အဘက်ဘက်မှ လှူဒါန်းကူညီခဲ့ကြသည်။

ဤသို့ ဆဋ္ဌသံဂါယနာတင်ရာတွင် ပါဠိတော်များကိုသာမက အဋ္ဌကထာကျမ်းများ၊ ဋီကာ ကျမ်းများကို သံဂါယနာတင်ခဲ့ခြင်း ဖြစ်သည်။

ဤသို့လျှင် ခေတ်အဆက်ဆက်မှာပင် အရှင်မဟာကဿပ စသော သာသနာတော်စောင့် မထေရ်ကြီးတို့သည် ပိဋကတ်(၃)ပုံဟူသော နှုတ်ခပါဌ်တော်များကို မြတ်စွာဘုရား ဟောကြားတော်မူ ခဲ့သည့်အတိုင်း အပိုအလို အဖြည့်အစွက်မရှိ (၆)ကြိမ်တိုင်တိုင် သံဂါယနာတင်၍ အတည်ပြုတော် မူခဲ့ကြသည်။ ယင်းသို့ မထေရ်ကြီးအဆက်ဆက်တို့ သံဂါယနာတင်ခဲ့သော ပိဋကတ်သုံးသွယ် နိကာယ် ငါးရပ်ကို “ထေရဝါဒ ဗုဒ္ဓသာသနာ”ဟု ခေါ်သည်။