ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့ကြီးပေါ်ပေါက်လာပုံ

၁။        မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်ကာလတွင် ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်း အစရှိသော သံဃာ့ဂိုဏ်းအသီးသီးတို့သည် မိမိတို့ဂိုဏ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများဖြင့် အုပ်ချုပ် ကြပြီး သုဓမ္မာဂိုဏ်းဝင်သံဃာတော်တို့သည် မိမိတို့သဘောတူညီရာသံဃာများ စုပေါင်း၍ ပဝါရဏာ ဂိုဏ်းများ ဖွဲ့စည်းပြီး မဟာထေရ်ဆရာတော်ကြီးများ၏ ဆုံးမသြဝါဒနှင့်အညီ လိုက်နာသီတင်းသုံးခဲ့ ကြပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဝိနည်းဓမ္မကံမှုခင်းများကို ဆုံးဖြတ်ရန် ၁၃၁၁ ခုနှစ်၊ ဝိနိစ္ဆယ အက်ဥပဒေကို လည်းကောင်း၊ ၁၃၁၆ ခုနှစ်၊ ဝိနိစ္ဆယဌာန (ပြင်ဆင်ချက်) အက်ဥပဒေ ကို လည်းကောင်း ပြဌာန်း၍ သံဃဝိနိစ္ဆယအဖွဲ့များဖြင့် သံဃာ့အမှုကိစ္စများကို ဆုံးဖြတ်ဆောင်ရွက် ခဲ့ပါသည်။ သို့ရာတွင် သံဃာတော်များ အချင်းချင်းအငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ခြင်းနှင့် ဝိနည်း သိက္ခာပုဒ်တော်များနှင့် အညီကျင့်ကြံနေထိုင် သီတင်းသုံးခြင်း ရှိ/မရှိ ကြပ်မတ်ရာတွင် ထိရောက် အောင်မြင်မှု မရှိသဖြင့် ယင်းဥပဒေကို ၁၉၆၅ ခုနှစ်တွင် တော်လှန်ရေးကောင်စီ ဥပဒေအမှတ်(၁)ဖြင့် ရုပ်သိမ်းခဲ့ပါသည်။

၂။         အချို့သံဃာများသည် ဝိနည်းတရားတော်များနှင့်အညီ ကျင့်သုံးနေထိုင်မှုမရှိခြင်း၊ အဓမ္မများကို ဗုဒ္ဓဝါဒအမည်ခံ ဟောကြားခြင်း၊ တန်ခိုးကြီးဘုရားပရိဝုဏ်အနီး သာသနာတော်နှင့် မထိုက်တန် သော အလုပ်တို့ကို သာသနာပြုအမည်တပ်ကာ ရဲဝံ့စွာလုပ်ကိုင်လာခြင်း၊ သိက္ခာမတင် သိမ်မဝင်ဘဲ ရှင်ရဟန်းအသွင်ယူ၍ မြို့ရွာ၊ ရပ်ကွက်အတွင်း လှည့်လည်အလှူခံခြင်း စသည့်အမှုများ ပြုလုပ်လာ ခဲ့ကြပါသည်။

၃။        ဗုဒ္ဓမြတ်စွာသာသနာတော်နှင့်စပ်လျဉ်းသည့် လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရာ၌ သံဃာတော်အချင်းချင်း ကြပ်မတ်ကွပ်ကဲထိန်းသိမ်းသည့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သည် မဏ္ဍိုင်ကြီးသဖွယ် ရပ်တည်နေနိုင်ရန်မှာ အထူးအရေးကြီးလှသည်ဖြစ်ရာ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးသည် ၁၉၇၉-ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၆၆)၏ သဘောတူခွင့်ပြုချက်ဖြင့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များ ပါဝင်သော ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီး ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ထိုအစည်းအဝေးကြီး ထမြောက်အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ပြည်နယ်/ တိုင်းဒေသကြီးများ အလိုက်၊ ဂိုဏ်းအလိုက် ရွေးချယ်ခဲ့သည့် သံဃာ့ဝန်ဆောင် မူလ ၆၆ ပါးကို အခြေတည်၍ အကြံပေးအဖွဲ့၊ သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် ရွေးချယ်ရေးနည်းလမ်းများ၊ အရေအတွက်နှင့် အရည်အချင်း သတ်မှတ်ချက်များ စာတမ်းပြုစုရေးအဖွဲ့၊ သံဃာ့ဝန်ဆောင်ဆရာတော် ၂၀ ပါး ပါဝင်သော ဝိနည်း ဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရေးဆွဲရေးအဖွဲ့၊ သာသနာဝင်လက်မှတ်စီစဉ်ရေးဆွဲရေးအဖွဲ့စသည်တို့ကိုလည်း ဖွဲ့စည်းခဲ့ကြပါသည်။

၄။        မြန်မာနိုင်ငံအတွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတော်များသည် အကျင့်သီလ ကျင့်သုံးမှု တူညီကြသော်လည်း မိမိတို့ဆရာစဉ်ဆက် အစုအဖွဲ့ဖြင့် တည်ရှိနေသည့် ဂိုဏ်း​ပေါင်းစုံ သံဃာတော်များပါဝင်သည့် သံဃာ့အဖွဲ့အစည်းကြီးတစ်ခု တည်ရှိနေစေရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃာ့မထေရ်ကြီး ၆၆-ပါးတို့က စုပေါင်းဆွေးနွေးခြင်း၊ နယ်လှည့်၍ ထက်အောက်အပြန်အလှန် ဆွေးနွေးခြင်းဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးပွဲကြီးကို သာသနာတော်နှစ် ၂၅၂၄၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန် လဆန်း ၁၁ ရက်၊ ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၄ ရက်၊ စနေနေ့မှ မေလ ၂၆ ရက်၊ တနင်္လာနေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့ပါသည်။

 

 

dra1

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပဲခူးမြို့မဆရာတော်ကြီးသာရဏီယ သြဝါဒကထာ မြွက်ကြားနေပုံ

dra2

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး၌ စစ်ကိုင်းမြို့၊ မင်းကွန်းဓမ္မနာဒကျောင်းတိုက်၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဖတ်ကြားလျှောက်ထားနေပုံ

Next Page