သာသနာရေးဦးစီးဌာန၏ ရည်မှန်းချက်

သာသနာရေးဦးစီးဌာန၏ ရည်မှန်းချက်များ

(က)

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသိအမှတ်ပြုထားသော ဘာသာအသီးသီး၏ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်၊

(ခ)

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အလေးထားဆောင်ရွက်ရန်၊

(ဂ)

ဘာသာအသီးသီး၏နေ့ထူးနေ့မြတ်များသတ်မှတ်ခြင်းနှင့် အခမ်းအနားများ ကျင်းပရေး ကူညီ ဆောင်ရွက်ရန်

(ဃ)

ဘာသာအသီးသီးခေါင်းဆောင်များနှင့် အခါအားလျော်စွာ တွေ့ဆုံခြင်း၊ ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ရန်၊

(င)

သံဃာအချင်းချင်း၊ ဂိုဏ်းအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်၊

(စ)

သံဃာအဖွဲ့အစည်းအဆင့်ဆင့်၊ သာသနာ့နွယ်ဝင် သီလရှင်အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ် ဖွဲ့စည်းခြင်း၊ ဝါဆိုသံဃာစာရင်း၊ ဝါဆိုသီလရှင်စာရင်း နှစ်စဉ်ကောက်ယူရေး ဆောင် ရွက်ရန်၊

(ဆ)

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ မှုခင်းကိစ္စရပ်များ၊ ဝိနိစ္ဆယရေးရာမှုခင်းများ၌ သာသနာ့ ရေးရာ ထောက်ပံ့ ကူညီဆောင်ရွက်ပေးရန်၊

(ဇ)

ဝိနိစ္ဆယမှုခင်းဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လုံခြုံရေးအထောက်အကူကို ရယူဆောင်ရွက်ရန်၊

(ဈ)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး၏ ပုံမှန်နှင့် အထူးအစည်းအဝေးများ ပြုလုပ်ရာ၌ စီစဉ် ဆောင်ရွက်ပေးရန်၊

(ည)

သံဃာတော်များဦးဆောင်လျက် သံဃနာယကသင်တန်းနှင့် ဝိနည်းဓိုရ်သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချရန်၊

(ဋ)

သာသနာရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန်၊

(ဌ)

ပရိယတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တော် ၆-မျိုး၊ ဓမ္မကထိကဘွဲ့တံဆိပ်တော် ၂-မျိုးတို့ကို စိစစ် တင်ပြ၍ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ရန်၊

(ဍ)

ဗဒ္ဓသိမ်သမုတ်ရန်ကိစ္စ၊ သာသနာ့မြေလျှောက်ထားသည့်ကိစ္စ ဂေါပကစည်းမျဉ်းများနှင့် သာသနိက အဆောက်အဦများ ဆောက်လုပ်ခြင်းစသော ကိစ္စရပ်များတွင် စိစစ်ထောက်ခံ ဆောင်ရွက်ပေးရန်၊

(ဎ)

တိပိဋကဓရ တိပိဋကကောဝိဒ၊ ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ်ငါးရပ်နှင့် အဘိဓမ္မာ နှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲများ၊ စာဖြေဌာနများ ဖွင့်လှစ်ကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန် ခြင်းတို့ကို ဆောင်ရွက်ရန်၊

(ဏ)

တိပိဋက ချီးကျူးပူဇော်ပွဲ၊ မဟာဘွဲ့နှင်းသဘင်၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပ၍ စာအောင်ဆုများ ဆက်ကပ်ခြင်းကို ဆောင်ရွက်ရန်၊

(တ)

ဆဋ္ဌသင်္ဂါယနာတင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်း၊ ပါဠိတော်-မြန်မာပြန်ကျမ်း၊ တိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း၊ စာသင်သားသုံး၊ ပြဋ္ဌာန်းကျမ်း၊ ပညာရှင်များ ပြုစုရေးသားသော ကျမ်းစာအုပ်များကို ဆဋ္ဌသင်္ဂါယနာ မူမပျက် ပုံနှိပ် ထုတ်ဝေဖြန့်ချိရန်၊

(ထ)

နိုင်ငံတော်မူဝါဒများနှင့်အညီ စီမံကိန်း၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ဒ)

နှစ်(၃၀)စီမံကိန်း ရည်မှန်းချက်များကို မျက်ခြေမပြတ် ပြန်လည်ဆန်းစစ်၍ အချိန်ကာလအားလျော်စွာ (၅)နှစ်စီမံကိန်းများအတိုင်း အကောင်အထည်ဖော်ရန်၊

(ဓ)

e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဆောင်ရွက်ရန်၊

(န)

ဝန်ထမ်းများရုံးလုပ်ငန်းတွင် စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ သက်ဆိုင်ရာသင်တန်းများသို့ ပို့လွှတ်၍ သင်တန်းများတက်ရောက်စေခြင်းတို့ကို ဆောင်ရွက်ရန်၊

(ပ)

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ထမ်းများ စည်းကမ်းလိုက်နာရေးနှင့် အကျင့်စာရိတ္တ မြင့်မားရေးအတွက် စာကြည့်တိုက် ဖွင့်လှစ်ခြင်း၊ ဓမ္မစာပေသင်တန်းပို့ချ ခြင်း၊ ဟောပြောခြင်းများ ဆောင်ရွက်ရန်၊

(ဖ)

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၊ ရုံးလုပ်ငန်းများကို စီမံကြီးကြပ် ဆောင်ရွက်ရန်၊

(ဗ)

သမိုင်းဝင်ထင်ရှားသည့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းစောင့်ရှောက်ရန်၊

(ဘ)

သာသနာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူ၍ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်။