ဘွဲ့တံဆိပ်သမိုင်း

ဘုရားရှင်လက်ထက် ဘွဲ့ချီးမြှင့်အပ်နှင်းခြင်း

၁။     လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော် မြတ်စွာဘုရားရှင်လက်ထက်က အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလန် မထေရ်မြတ်တို့အပါအဝင် ရဟန္တာမထေရ်မြတ် ၄၁ ပါးနှင့် မိထွေးတော်ဂေါတမီ အပါအဝင် ရဟန္တာထေရီမ ၁၃ ပါး၊ လူပုဂ္ဂိုလ် တပုဿနှင့် ဘလ္လိက ညီနောင် အပါအဝင် ဥပသကာ ၁၁ ဦး၊ သုဇာတာသူဌေးသမီးအပါအဝင် ဥပသကာ ၁၀ ဦး၊ စုစုပေါင်း ၇၅ ဦး တို့အား “ဧတဒဂ်”ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

 

အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံတို့၌ ဘွဲ့ချီးမြှင့်အပ်နှင်းခြင်း

၂။     ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံတို့တွင် ပိဋကတ်ကျမ်းစာ အာဂုံဆောင် ပုဂ္ဂိုလ်တို့အား ပိဋကအလိုက် သုတ္တန္တဘာဏက၊ ဝိနယဘာဏကနှင့် အဘိဓမ္မဘာဏကစသည်ဖြင့် “ဘာဏကဘွဲ့” ၁၈ မျိုး ခေါ်ဝေါ်အပ်နှင်းခဲ့ပါသည်။
 

သီဟိုဠ်ကျွန်း၌ ဘွဲ့ချီးမြှင့်အပ်နှင်းခြင်း

၃။     သီဟိုဠ်ကျွန်း၌

(က)   ကျွန်းတည်ကာလမှ ဗြိတိသျှတို့ သိမ်းယူခံရသည့်ကာလအထိ မင်းဆက် ၁၁၇ ဆက်အတွင်း

(၁)   သံဃရာဇာဘွဲ့(သံဃာအကြီးအမှူး)

(၂)   ရာဇဂုရုဘွဲ့(နိုင်ငံတော်အလေးဂရုပြုရသည့် မင်းဆရာဘွဲ့)

(၃)   မဟာသာမိဘွဲ့(ကျမ်းပြုအရှင်)

(၄)   ကဝိစက္ကဝတ္တိဘွဲ့(တရားရတနာကို စကြာပမာ လှည့်နိုင်စွမ်းသူ)

(၅)   ဝါစိဿရသံဃရာဇာဘွဲ့(ပိဋကတ်တော်ကို အစိုးတရကျွမ်းကျင်သော သံဃာအကြီးအမှူး)

တို့ကိုလည်းကောင်း၊

(ခ)   အင်္ဂလိပ်ခေတ်မှစ၍ ယနေ့ခေတ်အထိ

(၁)   သတ်မှတ်ပညာရပ်တစ်ခုခုကို နောက်ဆုံးအဆင့်အထိ စာမေးပွဲအောင်မြင်သူ

(၂)   စာမေးပွဲမအောင်သော်လည်း စာပေတတ်ကျွမ်းသူဟူ၍ တိုင်းသိ ပြည်သိထင်ရှား ကျော်ကြားသူတို့အား

“ပဏ္ဍိတ်”ဘွဲ့ကိုလည်းကောင်း ချီးမြှင့်ကပ်လှူခဲ့ပါသည်။

(ဂ)   သီဟိုဠ်ကျွန်းဘုဝနေကဗာဟုမင်း (မြန်မာသက္ကရာဇ် ၈၃၇၊ ခရစ်နှစ် ၁၄၇၅)လက်ထက်၌ သီဟိုဠ်ကျွန်းသို့ ရောက်ရှိ

လာသော မြန်မာရဟန်းတော် ၂၂ပါးတို့အား “သာမိဘွဲ့”ကို ချီးမြှင့်ကပ်လှူခဲ့ပါသည်။

 

ယိုးဒယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ ဘွဲ့ချီးမြှင့်အပ်နှင်းခြင်း

၄။     ၁၉၀၀-၁၉၁၇ ခုနှစ်အတွင်း

(က)   ယိုးဒယားမင်းက သီဟိုဠ် အရှင် သုဘူတိအား ပဝရနေတ္တိကာစရိယ မဟာဝိဘာဝီ  ရာဇဂုရုဘွဲ့ ကိုလည်းကောင်း၊

(ခ)   ကမ္ဘောဒီးယားဘုရင်က သီဟိုဠ်ကျမ်းဂန်တတ် ဓမ္မရတနာဆရာကြီးအား ဗုဒ္ဓသာသန မဟာသူရသောမတိဘွဲ့

ကိုလည်းကောင်း ချီးမြှင့်ကပ်လှူခဲ့ပါသည်။

 

မြန်မာနိုင်ငံခေတ်အဆက်ဆက် ဘွဲ့တံဆိပ်တော်များ

၅။     မြန်မာနိုင်ငံ ခေတ်အဆက်ဆက်၌ ဘွဲ့တံဆိပ်တော်များကို ဖော်ပြပါအတိုင်း အသီးသီးချီးမြှင့် ကပ်လှူ ခဲ့ပါသည်-

(က)   ပုဂံခေတ်

(၁)   ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာမျိုးစေ့ချပေးခဲ့သော အရှင်ဓမ္မဒဿီကို “ရှင်အရဟံဘွဲ့”

(၂)   ကျန်စစ်သားမင်းလက်ထက် (၄၂၆-၄၅၄)၌ အရှင်သံဃသေနကို “သံဃသေနဝရ ပဏ္ဍိတ်”ဘွဲ့နှင့် ကာရိကာ

ကျမ်းပြုအရှင်ကို “ဓမ္မသေနာပတိဘွဲ့”

(၃)   အလောင်းစည်သူမင်းလက်ထက် (၄၅၄-၅၄၉)၌ ဓာတွတ္ထသာရကျမ်းပြု ဆရာတော် ကို

“မဟာအဂ္ဂပဏ္ဍိတဘွဲ့”

(၄)   နရပတိစည်သူမင်းလက်ထက်(၅၃၆-၅၇၃)၌ လောကုပ္ပတ္တိပကာသနီကျမ်းပြု ဆရာတော်ကြီး ကို

“အဂ္ဂမဟာပဏ္ဍိတဘွဲ့”

(၅)   ကျစွာမင်းလက်ထက် သဒ္ဒနီတိကျမ်းပြု အရှင်အဂ္ဂဝံသကို အဂ္ဂပဏ္ဍိတနှင့် ဦးကျည်ပွေ့ ကို

“ဒိသာပါမောက္ခဘွဲ့”

(ခ)   ပင်းယခေတ်

(၁)   သီဟသူမင်းလက်ထက် ပြည်မြို့ဇာတိ အတွင်းဝန်အမတ်ကြီးကို “သီရိမဟာစတုရင်္ဂဗလဘွဲ့”

(၂)   ဥဇနာမင်းလက်ထက်၌ အရှင်သုဓမ္မမထေရ်ကို “မဟာသာမိဘွဲ့”နှင့် အရှင်ဓမ္မမထေရ် ကို “လင်္ကာရဘွဲ့”

(ဂ)   အင်းဝခေတ်

အင်းဝခေတ်၌ အရှင်မဟာသီလဝံသကို “ဓဇမဟာဓမ္မရာဇာဂုရုဘွဲ့”၊ အရှင်မဟာရဋ္ဌသာရ ကို

“မဟာသံဃရာဇာဘွဲ့” စသည်ဖြင့် ဘွဲ့တံဆိပ်တော် ၂၆ မျိုးတို့ကို ဆက်ကပ်အပ်နှင်းခဲ့ ပါသည်။

(ဃ)   ကုန်းဘောင်ခေတ်

ကုန်းဘောင်ခေတ်၌ ဘွဲ့ရဆရာတော်များ၏ ဘွဲ့အမည်နောက်တွင်ရရှိသည့် ဘွဲ့တံဆိပ်တော် အမည်တွဲလျက်

“ရာဇဂုရဘွဲ့၊ ရာဇာဓိရာဇဂုရု”ဘွဲ့တို့ကို ဆက်ကပ်အပ်နှင်းခဲ့ပါသည်။

(င)   ကိုလိုနီခေတ်

အင်္ဂလိပ်အစိုးရသည် သက္ကရာဇ် ၁၂၇၆ (၁၉၁၅) ခုနှစ်တွင် ရဟန်းတော်တို့ကို “အဂ္ဂမဟာ ပဏ္ဍိတဘွဲ့”

စတင်ဆက်ကပ်ခဲ့ပြီး သက္ကရာဇ် ၁၃၀၃(၁၉၄၂)ခုနှစ်ထိ နှစ်စဉ် ဆက်ကပ် လှူဒါန်းခဲ့ရာ ရဟန်းသံဃာ ၉၈ ပါးထိ

ဆက်ကပ်ခံခဲ့ရပါသည်။

(စ)   ၁၉၄၈-ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ၁၉၈၈-ခုနှစ်အထိ

       ၁၉၄၈-ခုနှစ်မှ ၁၉၇၈-ခုနှစ်အထိ

(၁)   နိုင်ငံတော်အစိုးရသည် ၁၉၅၁-ခုနှစ်မှ ၁၉၅၃-ခုနှစ်အထိ “အဂ္ဂမဟာပဏ္ဍိတဘွဲ့” ဆက်ကပ်ခဲ့ရာ

ရဟန်းသံဃာတော် ၁၅ ပါး ဆက်ကပ်ခံခဲ့ရပါသည်။

(၂)   ၅-၃-၁၉၅၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်အစိုးရက ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေး ကော်မတီကို

ဖွဲစည်းခဲ့ပြီး ယင်းကော်မတီက ၂၈-၇-၁၉၅၃ ရက်နေ့တွင် ဘွဲ့တံဆိပ်တော် ချီးမြှင့်ရေးအစီရင်ခံစာကို နိုင်ငံတော်သို့

တင်သွင်းခဲ့ရာ ဖော်ပြပါ ဘွဲ့တံဆိပ်များကို ချီးမြှင့်ရန် သတ်မှတ်ခဲ့ပါသည်-

       ရဟန်းတော်များအတွက်

၁။ အဂ္ဂမဟာပဏ္ဍိတ

၂။ အဘိဓဇမဟာရဋ္ဌဂုရု

       လူပုဂ္ဂိုလ်များအတွက

၁။ ပညာကျော်(မြန်မာစာပေအတွက်)

၂။ ပညာဗလ(ပါဠိစာပေအတွက်)

၃။ မဟာပညာဗလ(မြန်မာစာပေနှင့် ပါဠိစာပေ ၂ မျိုးအတွက်)

မှတ်ချက်။     အဆိုပါဘွဲ့များတွင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ ချီးမြှင့်ရန် ဖော်ပြထားခြင်း မရှိသော်လည်း ၁၉၅၃-ခုနှစ်တွင် ဆဋ္ဌသံဂါယနာတင်သောအခါ ပိဋကသုံးပုံ အာဂုံဆောင်၍ အဖြေဝိဿဇ္ဇကပုဂ္ဂိုလ်ဖြစ်သော ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသကို “တိပိဋကဓရ ဓမ္မ ဘဏ္ဍာဂါရိက”ဘွဲ့ ဆက်ကပ်ခဲ့ပါသည်။

 

၁၉၇၈-ခုနှစ်မှ ၁၉၈၈-ခုနှစ်အထိ

၁၉၇၈-ခုနှစ်မှ ၁၉၈၈-ခုနှစ်အထိ လူပုဂ္ဂိုလ်များအတွက် ဘွဲ့ပေးအပ်ခြင်းမရှိဘဲ ရဟန်းတော် များကိုသာ “အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့နှင့် “အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့” တို့ကို ဆက်ကပ်ခဲ့ပါသည်။

၁၉၈၈-ခုနှစ်မှ ၁၉၉၁-ခုနှစ်အထိ

၁၉၈၈-ခုနှစ်မှ ၁၉၉၁-ခုနှစ်အထိ ရဟန်းတော်များကို “အဂ္ဂမဟာပဏ္ဍိတဘွဲ့”နှင့် “အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့” တို့ကို ဆက်ကပ်ခဲ့ပါသည်။

 

၁၉၉၁-ခုနှစ်မှ ယနေ့ခေတ် (၂၀၁၅)အထိ

(၁)     ၂၄-၉-၁၉၉၁ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဘွဲ့တံဆိပ်တော် ၂၀ မျိုးအသစ်တီထွင်ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဘွဲ့တံဆိပ်တော် ၂၀ တွင် ပရိယတ္တိစာချဘွဲ့ ၃ မျိုး၊ ပြည်တွင်း/ ပြည်ပသာသနာပြုဘွဲ့ ၄ မျိုးနှင့် လူပုဂ္ဂိုလ် သာသနာနုဂ္ဂဟဘွဲ့အမျိုးသား ၄ မျိုး၊ အမျိုးသမီး ၄ မျိုးတို့ ပါဝင်ပါသည်။

(၂)     ၃-၁-၁၉၉၉ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၆၀ပြည့်နှစ် တိပိဋကရွေးချယ်ရေးအဖွဲ့ အက်ဥပဒေ ၂၈ ကို ပြင်ဆင်ဖြည့်စွက်ကာ “တိပိဋကဓမ္မဘဏ္ဍာဂါရိက”ဘွဲ့တံဆိပ်တော်အား “ကောဝိဒ”​ အောင်မြင်ပြီး ၅ နှစ် ပြည့်မြောက်သောနှစ်တွင် ချီးမြှင့်ဆက်ကပ်ရန် သတ်မှတ်ခဲ့ပါသည်။

(၃)     ထို့ကြောင့် ၁၉၉၁ ခုနှစ်မှစ၍ ယနေ့ခေတ်ကာလအထိ သာသနာရေးဦးစီးဌာန အနေဖြင့် “အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ တိပိဋကဓရ တိပိဋက ဓမ္မဘဏ္ဍာဂါရိကဘွဲ့၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့၊ ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့” စုစုပေါင်း ဘွဲ့တံဆိပ်တော် ၈ မျိုးတို့ကို ဆက်ကပ်လှူဒါန်းလျက် ရှိပါသည်။ (ကျန်ဘွဲ့တံဆိပ်တော် ၂၀ မှာ သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပါသည်။)

 

ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား

၆။     သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားများကို ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း ရန်ကုန်မြို့၊ သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့ပြီး ၂၀၀၉ ခုနှစ်မှစ၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပါသည်။