သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ မာလိနီမင်္ဂလာကန်တော်မှ ငါးများကို ပေါင်းလောင်းမြစ်အတွင်းသို့ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဥပ္ပါတ သန္တိစေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ တာဝန်ရှိသူများနှင့်အတူ ၁၃.၄.၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပေါင်းလောင်းမြစ်၌ မြန်မာ့နှစ်သစ်ကူးအကြို ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပ ခဲ့ပါသည်။
ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မြန်မာ့ နှစ်သစ်ကူးကာလ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ မာလိနီရေကန်တော်အတွင်းရှိ ငါးများကို ပေါင်းလောင်းမြစ် လယ်တွင် လွတ်လွတ်လပ်လပ်သွားလာနိုင်စေရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငါးလွှတ်ပွဲကျင်းပခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် နှစ်သစ်ကူးကာလတွင် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပလေ့ရှိသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၉၂၆ ခုနှစ်ကပင်ဖြစ်ကြောင်း၊ ယခင်က ရန်ကုန်မြို့ ဘောက်ထော်ရပ်၊ ကန်ဘဲ့တွင် မစ္ဆသမူဟ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပသည့် အသင်း ဖွဲ့စည်းတည်ရှိခဲ့ကြောင်း၊ အသက်ရှည်စေသော ကုသိုလ် ၆ ပါးဖြစ်သည့် ရေစစ်အလှူ၊ ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်း၊ မဏ္ဍပ် အလှူ၊ သူနာတို့အား ဆေးအလှူ၊ ပျက်စီးယိုယွင်းနေသော စေတီ တန်ဆောင်း၊ ကျောင်းဇရပ်၊ တံတားတို့ကို ပြင်ဆင်ဆောက်လုပ်သောအလှူ၊ ငါးပါးသီလကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြံစွာ စောင့်ထိန်းမှုတို့ဖြစ်ရာ ငါးသတ္တဝါတို့အား ဘေးမဲ့လွှတ်ခြင်းသည် အသက်ရှည်စေသော ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းပင်ဖြစ်ပါကြောင်း၊ သတ္တဝါများ ဘေးရန်ကင်းစေရန် ဇီဝိတဒါနပြုခြင်းကြောင့် လူသားများအား ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ စိုးရိမ်ကြောက်ရွံ့မှုမှ လွှတ်မြောက်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးပရိဝုဏ်ရှိ မာလိနီမင်္ဂလာကန်တော်အတွင်းမှ တီလားဗီးယားငါး၊ မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း စသည့် ငါးမျိုးစုံတို့အား ပေါင်းလောင်းမြစ်အတွင်းသို့ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်း၊ မေတ္တာသုတ် ရွတ်ဆို ပွားများခြင်း၊ မေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။



