သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများမှငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့်နေရာများသို့ သွားရောက် ကြည့်ရှစစ်ဆေး၍ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်အတူ ၇.၅.၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှဘုရားသို့ ရောက်ရှိ၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူကာ စေတီတော်မြတ်၏ထီးတော် တိမ်းစောင်းနေမှု၊ ငှက်မြတ်နားတော် ကျိုးကျမှု၊ စိန်ဖူးတော်မြေခပျက်စီးမှု၊ အရံစေတီတော် ၂ ဆူတွင် ငှက်ပျောဖူး ပြိုကျ၍ ထီးတော် မြေခပျက်စီးမှု၊ လုံးတော်ကွဲအက်မှုများကိုကြည့်ရှုစစ်ဆေး၍ စေတီတော်ဂေါပက အဖွဲ့ကို စေတီတော် ပျက်စီးမှုများကို မူလပုံစံမပျက်ပြန်လည်ပြင်ဆင်ရေး၊ ထီးတော်နှင့်စိန်ဖူးတော် များ ပျက်စီးမှုကို စနစ်တကျပြုပြင်ထိန်းသိမ်း၍ ထီးတော်တင်လှူပူဇော်နိုင်ရေး  စေတီတော်သြဝါဒါ စရိယဆရာတော်ကြီးများထံ သြဝါဒခံယူပြီး ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျဆောင်ရွက် သွားရန် မှာကြားပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့်မိသားစုများ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှဘုရား ဦးခန္တီတန်ဆောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီ၊ စားသုံးဆီ ၁ ပိဿာ၊ ဆန် ၆ ပြည်အိတ် ၁ အိတ် ထောက်ပံ့ပေးအပ်၍ မဟာငလျင်ကာကွယ် ဂါထားများ ပေးအပ်ပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆယ်စုကျေးရွာ၊ ရတနာမာန်အောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဘဒ္ဒန္တဇာဂရနှင့် ဒါယကာ၊ ဒါယိကာမများက ထမင်းနှင့် ဟင်းလျာများ လာရောက်လှူဒါန်းမှုကို ဝန်ထမ်းများနှင့်အတူ လက်ခံ၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ရင်းရင်းနှီးနှီး ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့်မိသားစုများ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းရှိ ဓနုဓမ္မာရုံသို့ ရောက်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီ၊ စားသုံးဆီ ၁ ပိဿာ၊ ဆန် ၆ ပြည်အိတ် ၁ အိတ် ထောက်ပံ့ပေးအပ်၍ မဟာငလျင်ကာကွယ်ဂါထားများ ပေးအပ်ပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့မှ ဦးမင်းမင်းဦး ဦးဆောင်သော ပေးဆပ်သူတို့ နှလုံးသားသွေးလှူရှင်အသင်းက ရေသန့်၊ ခေါက်ဆွဲခြောက်၊ ပေါင်မှုန့်နှင့် ဆေးစိမ်ခြင်ထောင်များ လာရောက်လှူဒါန်းမှုကို ဝန်ထမ်းများနှင့်အတူ လက်ခံ၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ရင်းရင်းနှီးနှီး ပြောကြားပါသည်။
          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့်မိသားစုများ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ မရှိခဏဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီ၊ စားသုံးဆီ ၁ ပိဿာ၊ ဆန် ၆ ပြည်အိတ် ၁ အိတ် ထောက်ပံ့ပေးအပ်၍ မဟာငလျင်ကာကွယ်ဂါထားများ ပေးအပ်ပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် နေရာ များတွင် ဝန်ထမ်းမိသားစုများ နေရာချထားမှု၊ သောက်သုံးရေစီစဉ်ဆောင်ရွက်ထားမှု၊ သန့်စင်ခန်းများ စီစဉ်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး စုစုပေါင်းငွေကျပ် သိန်း ၁၄၀၀ ၊ စားသုံးဆီ ၁၄၀၀ ပိဿာ ထောက်ပံ့ပေးအပ်၍ ဝန်ထမ်းမိသားစုများ ရေသုံးစွဲမှုအဆင်ပြေစေရန် ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်များ တည်ဆောက်ပေးသွားရန် မှာကြားပါသည်။

         ပြည်ထောင်စုဝန်ကြီးသည် ပြောင်းရွေ့နေထိုင်မည့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံရာတွင် သာသနာ့နယ်မြေအတွင်း နေထိုင်ခြင်းဖြစ်၍ သန့်ရှင်းရေးကို ကုသိုလ်စိတ်ထားပြီး ဂရုပြုဆောင်ရွက် ကြရန်၊ ရဟန်း သံဃာတော်များ၏ ဝေယျာဝစ္စကိစ္စကို တတ်နိုင်သမျှကုသိုလ်ယူဆောင် ရွက်ကြရန်၊ စုစည်းနေထိုင်ခြင်းဖြစ်၍ တစ်ကိုယ်ရေကျန်းမာရေး ဂရုစိုက်နေထိုင်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ကျော်လွားသွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။