ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်းသတ်မှတ်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၄၅ /၂၀၁၅

၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်

(၂၀၁၅ ခုနှစ်၊ ဇွန်လ  ၁၇ ရက်)
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းခြင်း

၁။      မြန်မာနိုင်ငံလွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်အစိုးရများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ၂ မျိုးကို ထေရဝါဒဗုဒ္ဓဘာသာ သံဃာ့မထေရ်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုဘွဲ့တံဆိပ်တော် ၂ မျိုးမှာ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်နှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်တို့ ဖြစ်ကြပါသည်။

၂။      အဆိုပါ ဘွဲ့တံဆိပ်တော် ၂ မျိုး ဆက်ကပ်နိုင်ရေးအတွက် ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဘွဲ့တံဆိပ်တော်စိစစ်သတ်မှတ်ရေး ဩဝါဒါစရိယဆရာတော်ကြီးများအဖွဲ့နှင့် လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ထားသော ကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ၎င်းအဖွဲ့က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့အတွက် ဂုဏ်အင်္ဂါ အရည်အချင်း ၄ ချက်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့အတွက် ဂုဏ်အင်္ဂါအရည်အချင်း ၅ ချက်တို့ကို သတ်မှတ် ပေးခဲ့ပါသည်။

၃။      ၂၄-၁၀-၁၉၉၁ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် (၄၂/၉၁)ကို ထုတ်ပြန်၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ၂၀ မျိုးကို တိုးချဲ့ပြဋ္ဌာန်းဆက်ကပ်ခဲ့ရာ ပရိယတ္တိစာပေပို့ချမှုဘွဲ့တံဆိပ်၊ တရားဟောဓမ္မကထိကဆိုင်ရာဘွဲ့တံဆိပ်၊ သာသနာပြုဆိုင်ရာဘွဲ့တံဆိပ်၊ ကမ္မဋ္ဌာန်းနည်းပြဘွဲ့တံဆိပ်နှင့် လူပုဂ္ဂိုလ်များဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် အသီးသီးတို့၏ ဂုဏ်အင်္ဂါအရည်အချင်းများကိုလည်း ထည့်သွင်းသတ်မှတ်ပေးခဲ့ပါသည်။ သို့ရာတွင် အဆိုပါအမိန့်ကြော်ငြာစာ၌ ယခင်အစဉ်အလာအရဆက်ကပ်ခဲ့သော အဘိဓဇမဟာရဋ္ဌဂုရုနှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တို့၏ ဂုဏ်အင်္ဂါများ ကိုပါ ထည့်သွင်းသတ်မှတ်ပေးရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။ တိပိဋကဓရ တိပိဋကကောဝိဒအောင် သာသနာ့အာဇာနည်အရှင်သူမြတ်များအား ၅ နှစ်ပြည့်ပါက တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ ဆက်ကပ်ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၃၇/၂၀၁၀ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဥပဒေကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။

၄။      အထက်ပါဘွဲ့တံဆိပ်တော် ၂၃ မျိုးကို နှစ်စဉ် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာ၍ ဆက်ကပ်ခဲ့ရာ ယနေ့အချိန်အခါအထိ ဖြစ်ပါသည်။ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ၏ မူလကသတ်မှတ်ခဲ့​သော ဂုဏ်အင်္ဂါအရည်အချင်းများသည် ဘွဲ့တံဆိပ်တော်အလိုက် ကောင်းမြတ်ပြည့်စုံ ပါသော်လည်း အချို့သော ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များမှာ ခေတ်ကာလနှင့်အညီ ပြုပြင်သတ်မှတ်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။ ထို့အပြင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တို့ကိုလည်း ဂုဏ်အင်္ဂါများနှင့်တကွ တစ်စုတစ်ပေါင်းတည်း ထည့်သွင်းသတ်မှတ်ရန် လိုအပ်ပါသည်။

၅။      ယင်းသို့သော အခြေအနေများကြောင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ၂၃ မျိုးကို ဆက်ကပ်နိုင်ရန် ရွေးချယ်စိစစ်ရာ၌ ဂုဏ်အင်္ဂါများကို ခေတ်ကာလနှင့်လျော်ညီစွာ တစ်ပြေးညီဖြစ်စေရန် ရည်ရွယ်လျက် သက်ဆိုင်ရာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်အလိုက် ဂုဏ်အင်္ဂါအရည်အချင်း များကို အသစ်ပြင်ဆင်ကာ အောက်ဖော်ပြပါအတိုင်း သတ်မှတ်ပြဋ္ဌာန်းလိုက်သည်-

(က) ပရိယတ္တိဆိုင်ရာဘွဲ့တံဆိပ်တော်(၂)မျိုး
(၁) အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်
(၂) အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်
(ခ) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်(၁)မျိုး
(၁) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်
(ဂ) စာချ ဘွဲ့တံဆိပ်တော်(၃)မျိုး
(၁) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်
(၂) မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်
(၃) ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်
(ဃ) ဓမ္မကထိက ဘွဲ့တံဆိပ်တော်(၂)မျိုး
(၁) မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်
(၂) ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်
(င) သာသနာပြု ဘွဲ့တံဆိပ်တော်(၄)မျိုး
(၁) အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်
(၂) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်
(၃) မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်
(၄) သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်
(စ) ကမ္မဋ္ဌာန်းနည်းပြ ဘွဲ့တံဆိပ်တော်(၃)မျိုး
(၁) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်
(၂) မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်
(၃) ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်
(ဆ) သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် (၈)မျိုး
(၁) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)
(၂) အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)
(၃) သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)
(၄) သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)
(၅) သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)
(၆) သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)
(၇) သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)
(၈) သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)

၆။      အထက်ပါ ပြင်ဆင်ပြဋ္ဌာန်းခဲ့သော ဘွဲ့တံဆိပ်(၂၃)မျိုး၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
(၂) အနည်းဆုံး သိက္ခာဝါ (၆၀)ရှိခြင်း။
(၃) ဗဟုသုတအကြားအမြင်များခြင်း။
(၄) သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း။
(၅) ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း။
(၆) တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာတိက္ကမကြီးမားခြင်း။
(၇) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း။
မှတ်ချက် ပြည်ပဘွဲ့ခံဆရာတော်များအတွက် အမှတ်စဉ်(၁)ဂုဏ်အင်္ဂါကို လျော့ပေါ့စဉ်းစား နိုင်သည်။
(ခ) အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
(၂) အနည်းဆုံးသိက္ခာဝါ(၄၀)ရှိခြင်း။
(၃) သီလဝန္တဖြစ်ခြင်း။
(၄) ဓမ္မာစရိယစာချတန်း အောင်မြင်ပြီး ဖြစ်ခြင်း။
(၅) ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ ကျွမ်းကျင်၍ ကျမ်းဂန်ရေးသားပြုစုခြင်း။
(၆) ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစသည်တို့ကို အမြဲမပြတ် ပို့ချခြင်း။
(၇) ပရိယတ္တိစာသင်တိုက် ဦးဆောင်နာယက ဖြစ်ခြင်း။
(၈) တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာတိက္ကမကြီးမားခြင်း။
(၉) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
မှတ်ချက် ပြည်ပဘွဲ့ခံ ဆရာတော်များအတွက် အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၄) ဂုဏ်အင်္ဂါ များကို လျော့ပေါ့စဉ်းစားနိုင်သည်။
(ဂ) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်စွမ်းနိုင်၍ တိပိဋကဓရ ဘွဲ့တံဆိပ်တော် ဆက်ကပ် ခံရပြီး ဖြစ်ခြင်း။
(၂) ပိဋကတ်သုံးပုံ၏ ခဲရာခဲဆစ်မေးခွန်းတို့ကို ဖြေစွမ်းနိုင်၍ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီး ဖြစ်ခြင်း။
(၃) တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးနောက် (၅)နှစ် သက်တမ်း ပြည့်မြောက်ခြင်း။
(၄) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံခြင်း။
မှတ်ချက် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် ၃၇/၂၀၁၀ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အဖွဲ့ ဥပဒေအရ တိပိဋကဓရ တိပိဋကကောဝိဒအောင်မြင်ပြီး (၅)နှစ်ပြည့်ပါက ဆက်ကပ်သော ဘွဲ့တံဆိပ်တော် ဖြစ်ပါသည်။
(ဃ) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံး သိက္ခာဝါ (၃၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) ဓမ္မာစရိယစာချတန်း အောင်မြင်ပြီး ဖြစ်ခြင်း။
(၄) စာချသက်တမ်း အနည်းဆုံး(၁၅)နှစ် ရှိခြင်း။
(၅) တစ်နေ့တာပို့ချသော စာဝါများ၌ ဓမ္မာစရိယစာမေးပွဲဆိုင်ရာ ကျမ်းစာများ၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို အနည်းဆုံး စာဝါ ၁ ဝါ ပို့ချဆဲဖြစ်ခြင်း။
(၆) တစ်နေ့တာပို့ချသော ဓမ္မာစရိယစာဝါများ၌ စုစုပေါင်းစာလိုက်သံဃာ မြို့ကြီး များတွင် အပါး ၃၀ ရှိ၍ မြို့ငယ်များနှင့် ကျေးရွာကြီးများတွင် စာလိုက်သံဃာ ၁၅ ပါး ရှိခြင်း။
(၇) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၈) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(င) မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံး သိက္ခာဝါ (၂၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) ဓမ္မာစရိယစာချတန်း အောင်မြင်ပြီး ဖြစ်ခြင်း။
(၄) စာချသက်တမ်း အနည်းဆုံး(၁၀)နှစ်ရှိခြင်း။
(၅) ပထမကြီးတန်းအဆင့် ကျမ်းစာများကို ကျွမ်းကျင်စွာ ပို့ချဆဲဖြစ်ခြင်း။
(၆) မြို့ကြီးများတွင် တစ်နေ့တာပို့ချသော စာဝါများ၌ စုစုပေါင်းစာလိုက်သံဃာ အပါး ၄၀ ရှိ၍ မြို့ငယ်များနှင့် ကျေးရွာကြီးများတွင် အနည်းဆုံး ၂၅ ပါး ရှိခြင်း။
(၇) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၈) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(စ) ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံး သိက္ခာဝါ (၁၀)ဝါ ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) ပထမကြီးတန်း အောင်မြင်ပြီး ဖြစ်ခြင်း။
(၄) စာချသက်တမ်း အနည်းဆုံး(၅)နှစ်ရှိခြင်း။
(၅) ပထမလတ်တန်းနှင့် ပထမငယ်တန်းဆိုင်ရာကျမ်းစာများကို ကျွမ်းကျင်စွာ ပို့ချဆဲ ဖြစ်ခြင်း။
(၆) မြို့ကြီးများတွင် တစ်နေ့တာပို့ချသော စာဝါများ၌ စုစုပေါင်းစာလိုက်သံဃာ အပါး ၂၀ ရှိ၍ မြို့ငယ်များတွင် အနည်းဆုံး ၁၅ ပါးရှိခြင်း၊ ကျေးရွာများတွင် အနည်းဆုံး ၁၀ ပါး ရှိခြင်း။
(၇) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၈) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(ဆ) မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ ဆက်ကပ်ခံရပြီး ဖြစ်ခြင်း။
(၂) အနည်းဆုံး သိက္ခာဝါ (၃၀)ရှိခြင်း။
(၃) သီလဝန္တဖြစ်ခြင်း။
(၄) ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။
(၅) အနည်းဆုံး နှစ်(၂၀) နယ်လှည့်တရားဟောကြားခဲ့ခြင်း။
(၆) နိုင်ငံတစ်ဝန်း တရားဟောကြားမှု ထင်ရှားကျော်ကြားခြင်း။
(၇) ထေရဝါဒပိဋကကျမ်းစာများနှင့်လျော်ညီစွာ နယ်လှည့်ဟောကြားနေခြင်း။
(၈) ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောခြင်း။
(၉) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၁၀) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(ဇ) ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံး သိက္ခာဝါ (၂၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။
(၄) အနည်းဆုံး(၁၀) နှစ် နယ်လှည့်တရားဟောကြားခဲ့ခြင်း။
(၅) သက်ဆိုင်ရာဒေသအတွင်း တရားဟောကြားမှု ထင်ရှားကျော်ကြားခြင်း။
(၆) ထေရဝါဒပိဋကကျမ်းစာများနှင့်လျော်ညီစွာ နယ်လှည့်ဟောကြားနေခြင်း။
(၇) ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောခြင်း။
(၈) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၉) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(ဈ) အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီး ဖြစ်ခြင်း။
(၂) အနည်းဆုံးသက်တော် နှစ်(၈၀)ရှိခြင်း။
(၃) သာသနာ့ဝန်ထမ်းဖြစ်ခြင်း။
(၄) သာသနာပြုလုပ်ငန်းများကို အနည်းဆုံး နှစ်(၃၀) ဆောင်ရွက်ခဲ့ခြင်း (သို့မဟုတ်) ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ထူးခြားစွာ ဆောင်ရွက်တော်မူခြင်း။
(၅) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း။
(၆) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
မှတ်ချက်။ ပြည်ပဘွဲ့ခံ ဆရာတော်များအတွက် အမှတ်စဉ်(၁)ဂုဏ်အင်္ဂါကို လျော့ပေါ့ စဉ်းစားနိုင်သည်။
(ည) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံးသက်တော် နှစ်(၅၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) သာသနာပြုလုပ်ငန်းများကို အနည်းဆုံးနှစ်(၂၀) ဆောင်ရွက်ခဲ့ခြင်း။
(၄) သာသနာ့ဝန်ထမ်းဖြစ်ခြင်း။
(၅) စာပေသင်ကြားပေးခြင်းဖြင့် ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့် ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံးဦးရေ ၁၀၀ ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။
(သို့မဟုတ်)
ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းသောဒေသများ၌ နှစ်(၂၀) သာသနာပြုခဲ့ခြင်း။
(သို့မဟုတ်)
သာသနာတော်အား ကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး ၁၀ အုပ်ကို ရေးသားရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း။
(သို့မဟုတ်)
အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၁၅)နှစ် သင်ကြားပေးခဲ့ခြင်း။
(သို့မဟုတ်)
ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက် ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့ခြင်း။
(၆) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၇) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
မှတ်ချက်။ ပြည်ပဘွဲ့ခံများအတွက် ထေရဝါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏ အကြီးအကဲဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီး တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါက ဂုဏ်အင်္ဂါအရည်အချင်းများကို လျော့ပေါ့စဉ်းစားနိုင်သည်။
(ဋ) မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံးသက်တော် နှစ်(၄၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) သာသနာပြုလုပ်ငန်းများကို အနည်းဆုံး (၁၀) နှစ် ဆောင်ရွက်ခဲ့ခြင်း။
(၄) စာပေသင်ကြားပေးခြင်းဖြင့် ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့် ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံး ၇၅ ဦး ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။
(သို့မဟုတ်)
ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းသောဒေသများ၌ နှစ်(၂၀) သာသနာပြုခဲ့ခြင်း။
(သို့မဟုတ်)
သာသနာတော်အားကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး ၈ အုပ်ကို ရေးသားရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း။
(သို့မဟုတ်)
အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၁၀)နှစ် သင်ကြားပေးခဲ့ခြင်း။
(သို့မဟုတ်)
ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက် ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့ခြင်း။
(၅) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၆) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
မှတ်ချက်။ ပြည်ပဘွဲ့ခံများအတွက် ထေရဝါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏အကြီးအကဲဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီး တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါက ဂုဏ်အင်္ဂါအရည်အချင်းများကို လျော့ပေါ့စဉ်းစားနိုင်သည်။
(ဌ) သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံးသက်တော် နှစ်(၃၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) သာသနာပြုလုပ်ငန်းများကို အနည်းဆုံး (၅) နှစ် ဆောင်ရွက်ခဲ့ခြင်း။
(၄) စာပေသင်ကြားပေးခြင်းဖြင့် ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့် ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံးဦးရေ ၅၀ ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။
(သို့မဟုတ်)
ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းသောဒေသများ၌ (၁၀)နှစ် သာသနာပြုခဲ့ခြင်း။
(သို့မဟုတ်)
သာသနာတော်အားကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး ၆ အုပ်ကို ရေးသားရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း။
(သို့မဟုတ်)
အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၅)နှစ် သင်ကြားပေးခဲ့ခြင်း။
(သို့မဟုတ်)
ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက် ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့ခြင်း။
(၅) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၆) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
မှတ်ချက်။ ပြည်ပဘွဲ့ခံများအတွက် ထေရဝါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏အကြီးအကဲဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီး တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါက ဂုဏ်အင်္ဂါအရည်အချင်းများကို လျော့ပေါ့စဉ်းစားနိုင်သည်။
(ဍ) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) သက်တော်နှစ်(၅၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်လျက် အနည်းဆုံး (၁၅)နှစ် ကမ္မဋ္ဌာန်းပြသခဲ့ခြင်း။
(၄) ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။
(၅) ထေရဝါဒပါဠိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာ ပြသခြင်း။
(၆) ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။
(၇) ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၁၀၀၀ အထက်ရှိခြင်း။
(၈) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၉) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(ဎ) မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) သက်တော်နှစ်(၄၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်လျက် အနည်းဆုံး (၁၀)နှစ် ကမ္မဋ္ဌာန်း ပြသခဲ့ခြင်း။
(၄) ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။
(၅) ထေရဝါဒပါဠိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာ ပြသခြင်း။
(၆) ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။
(၇) ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၅၀၀ အထက်ရှိခြင်း။
(၈) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၉) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(ဏ) ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) သက်တော်နှစ်(၃၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) ကမ္မဋ္ဌာန်းရိပ်သာတစ်ခုတွင် အနည်းဆုံး (၅)နှစ် ကမ္မဋ္ဌာန်းပြသခဲ့ခြင်း။
(၄) ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။
(၅) ထေရဝါဒပါဠိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာ ပြသခြင်း။
(၆) ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။
(၇) ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၃၀၀ အထက်ရှိခြင်း။
(၈) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၉) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
(တ) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း
(၁) ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။
(၂) ရှင်သာမဏေ အပါး ၃၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။
(၃) ရှင်သာမဏေအပါး ၃၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။
(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၃၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၃၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။
(၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။
(၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။
(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၅၀၀၀ အထက် ရှိခြင်း။
(ထ) သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း
(၁) ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။
(၂) ရှင်သာမဏေ အပါး ၂၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။
(၃) ရှင်သာမဏေ အပါး ၂၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။
(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။
(၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။
(၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။
(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၄၀၀၀ အထက် ရှိခြင်း။
(ဒ) သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါ အရည်အချင်း
(၁) ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။
(၂) ရှင်သာမဏေအပါး ၁၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။
(၃) ရှင်သာမဏေ ၁၀ ပါးကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။
(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။
(၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။
(၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။
(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၃၀၀၀ အထက် ရှိခြင်း။
(ဓ) သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း
(၁) ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။
(၂) ရှင်သာမဏေအပါး ၅၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။
(၃) ရှင်သာမဏေ ၅ ပါးကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။
(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၅၀ အထက် လှူဒါန်းခဲ့ခြင်း။
(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၅၀ အထက် လှူဒါန်းခဲ့ခြင်း။
(၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။
(၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။
(၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။
(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၂၀၀၀ အထက် ရှိခြင်း။

၇။      အထက်ပါ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းချက်နှင့်စပ်လျဉ်း၍ လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ အမိန့်များကို သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ရမည်။

၈။      နိုင်ငံတော်ငြိမ်ဝပ်ပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၂/၉၁)နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၇/၂၀၀၀)တို့အား ဤစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်ပါသည်။

 

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စာအမှတ်၊ ၁၁၂(၁) / ၈ / သမ္မတရုံး

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ     ရက်


 

ဖြန့်ဝေခြင်း

သမ္မတဦးစီးရုံး

ဒုတိယသမ္မတဦးစီးရုံးများ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး

နေပြည်တော်ကောင်စီရုံး

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးများအားလုံး

ဦးဆောင်ညွှန်ကြားရေးမှူး                                 (မြန်မာနိုင်ငံပြန်တမ်း အပိုင်း(၁)တွင် ထည့်သွင်းဖော်ပြပေးပါရန်)

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း

 

 

 

အမိန့်အရ

 

လှထွန်း

ညွှန်ကြားရေးမှူးချုပ်

နိုင်ငံတော်သမ္မတရုံး