ပထမပြန်စာမေးပွဲ
သာသနာရေးဦးစီးဌာနက ကျင်းပသည့် စာမေးပွဲများ
သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနသည် အောက်ဖော်ပြပါ စာမေးပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိပါသည်-
(၁) တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ
(၂) ပထမပြန်စာမေးပွဲ
(၃) ဓမ္မာစရိယစာမေးပွဲ
(၄) နိကာယ်စာမေးပွဲ
(၅) အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ
သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ လမ်းညွှန်မှုသြဝါဒကိုခံယူ၍ ပရိယတ္တိပညာရေးဆိုင်ရာ စာမေးပွဲများကို နှစ်စဉ်မပြတ် ကျင်းပခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပရိယတ္တိသာသနာတော်တည်တံ့ထွန်းကားပြန့်ပွားနိုင်မည် ဟူသော ဒေသနာတော်အရ ပရိယတ္တိသာသနာတော်တည်တံ့ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ပညာရေးဗဟိုအဖွဲ့များဖွဲ့စည်းခြင်း
(က) တိပိဋကဓရဩဝါဒါစရိယအဖွဲ့ (၉) ပါး
( ခ) ဓမ္မာစရိယစာမေးပွဲဗဟိုအဖွဲ့ (၁၅)ပါး
( ဂ) ပထမပြန်စာမေးပွဲဗဟိုအဖွဲ့ (၁၇)ပါး
(ဃ) အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲဗဟိုအဖွဲ့ (၈)ပါး
( င) နိကာယ်စာမေးပွဲစာမေးပွဲဗဟိုအဖွဲ့ (၁၂)ပါး
ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော်ကြီးထွန်းကားရေးကို အဓိက ထား၍ ပထမပြန်စာမေးပွဲများကို မြန်မာမင်းများ လက်ထက်ကပင် ကျင်းပခဲ့ကြသည်။
ပထမပြန်စာမေးပွဲကို အင်းဝမြို့၊ ညောင်ရမ်းမင်းဆယ်ဆက်တွင် သုံးဆက်မြောက် သာလွန်မင်း တရားကြီးလက်ထက် သက္ကရာဇ် (၁ဝဝဝ)ပြည့်နှစ်၊ ခရစ်နှစ် (၁၆၃၈)ခုနှစ်တွင် စတင် ကျင်းပခဲ့ပါသည်။
ပထမပြန်စာမေးပွဲ၌ ပြဋ္ဌာန်းထားသောကျမ်းစာများမှာ ပါဠိပိဋကတ်တော် ကျွမ်းကျင် တတ်မြောက်ရန် အခြေခံဖြစ်သော သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ သဒ္ဒတ္ထဘေဒစိန္တာ၊ ကစ္စာယနသာရ၊ ဝါစ္စဝါစက၊ ဝိဘတျတ္ထ၊ ဒွေမာတိကာ၊ မာတိကာဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်းကျမ်း များဖြစ်သည်။
ပြန်ဆိုမေးဖြေပုံမှာ ပါဠိကို နှုတ်တက်အာဂုံပြန်ဆိုစေခြင်း၊ အနက်အဓိပ္ပါယ်ကို နှုတ်ဖြင့်ဖြေဆို စေခြင်းနှစ်မျိုးဖြစ်သည်။
သီပေါမင်းလက်ထက် ၁၂၄၅-ခုနှစ်စ၍ ပထမပြန်စာမေးပွဲဆိုင်ရာ ဥပဒေစည်းကမ်းနည်းလမ်း များ ပြုလုပ်လျက် ကျနစွာ ကျင်းပခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ပြန်ဆိုမေးဖြေပုံမှာလည်း ပါဠိကို နှုတ်တက်အာဂုံပြန်ဆိုစေခြင်း၊ အနက်အဓိပ္ပါယ်ကို နှုတ်ဖြင့် မေး၍ နှုတ်ဖြင့်ဖြေဆိုစေခြင်း၊ အနက်အဓိပ္ပါယ်ကို မေးခွန်းပုစ္ဆာတစ်မျိုးသာထုတ်၍ စာရွက်ဖြင့်မေး၊ စာရွက်ဖြင့်ရေး၍ ဖြေစေခြင်းဟူ၍ သုံးမျိုးပြုလုပ်ကျင်းပသည်။
ထိုစဉ်က ပထမပြန်စာမေးပွဲတွင် ပြဋ္ဌာန်းထားသော ကျမ်းစာတိုင်းအတွက် မေးခွန်းတစ်မျိုး တည်းထားကာမေးမြန်း၍ ဖြေဆိုအောင်မြင်သူတို့ကိုမူအမှတ်အနည်း အများလိုက်လျက် ပထမကြီး၊ ပထမငယ်၊ ပထမငယ်ဟု သုံးမျိုးခွဲလေသည်။ ပထမကြီးအောင်သူတို့အနက် အမှတ်အများဆုံးရသော ပုဂ္ဂိုလ်သည် “ပထမကျော်” ဟူသော ဘွဲ့ကိုရသည်။
ပထမပြန်စာမေးပွဲကို နှစ်စဉ် နယုန်လ၌ ကျင်းပလေ့ရှိသည်။ ဝါဆိုလရောက်သောအခါ ဘုရင် မင်းမြတ်ကိုယ်တိုင် စီစဉ်၍ ပထမရှင်လောင်း၊ ပထမပဉ္စင်းလောင်းများကို သာသနာတော်သို့ ရှင်အဖြစ်၊ ပဉ္စင်းအဖြစ် သွတ်သွင်းချီးမြှင့်တော်မူသည်။
ပထမပြန်စာမေးပွဲကိုခေတ်အဆက်ဆက်ကျင်းပခဲ့ရာ သက္ကရာဇ် ၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူ ချိန်မှစ၍ (၁၀) နှစ်တိုင်တိုင် ပထမပြန်စာမေးပွဲမကျင်းပနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။ ထိုအချိန်အခါတွင် သာသနာတော်အတွက် စိုးရိမ်ကြောင့်ကြတော်မူကြသော တောင်တော်သာသနာတော်ပိုင် ဆရာတော်ဘုရားကြီး၊ ပခန်းဆရာတော်ဘုရားကြီး၊ လှထွေဆရာတော်ဘုရားကြီးနှင့် လယ်ကိုင်း မြို့စား ကင်းဝန်မင်းကြီးတို့ကိုယ်တိုင် ပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသင့်ကြောင်း အင်္ဂလိပ်အစိုးရအား တိုက်တွန်း အကြံပေးခဲ့ရလေသည်။
ယင်းအကြံပေးချက်အရ အင်္ဂလိပ်အစိုးရက ၁၂၅၇-ခုနှစ်(၁၈၉၅-ခုနှစ်)နယုန်လမှစ၍ နှစ်စဉ် ပြန်လည်ကျင်းပခဲ့သည်၊ ပထမပြန်စာမေးပွဲကို ပထမပြန်ကော်မတီတစ်ခု စီမံခန့်ထား၍ စီမံအုပ်ချုပ် သည်။
ပြဋ္ဌာန်းကျမ်းစာများမှာ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဒွေမာတိကာ၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်း၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း၊ ဘာသာပြန်တို့ဖြစ်သည်။
အတန်းမှာလည်း ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ပထမကျော်ဟူ၍ လေးတန်းထားပြီး တစ်တန်းလျှင် မေးခွန်းပုစ္ဆာတစ်မျိုးစီထုတ်ကာ လေးတန်းအတွက် ပုစ္ဆာလေးမျိုးထုတ်၍ စာရွက်ဖြင့် မေး၊ စာရွက်ဖြင့်ဖြေရသည်။ နှုတ်တက်အာဂုံပြန်ဆိုခြင်း၊ နှုတ်ဖြင့်မေးခြင်း၊ ဖြေခြင်းများမရှိတော့ပေ။
၁၂၆ဝ ပြည့်နှစ်တွင် ပထမကျော်တန်းကို ရပ်လိုက်ပြီး ပထမကြီးတန်း အောင်မြင်သူများထဲမှ အမှတ်အများဆုံးပုဂ္ဂိုလ်ကို ရွေးချယ်၍ “ပထမကျော်ဘွဲ့” ပေးသည်။ စာမေးပွဲကျင်းပရာဌာနလည်း တစ်နေရာတည်းတွင်သာမဟုတ်။ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား တစ်ချိန်တည်း ကျင်းပသည်။
သက္ကရာဇ် ၁၂၉၉ (၁၉၃၇)ခုနှစ်တွင် ပထမပြန်စုံစမ်းရေးကော်မတီတစ်ခု ဖွဲ့စည်းကာ စုံစမ်း အစီရင်ခံစေပြီးလျှင် ယင်းကော်မတီ၏ အစီရင်ခံစာအရ နာယကဆရာတော်များပါဝင်သည့် ပထမပြန် ကော်မတီတစ်ခု ဖွဲ့စည်းကာ ပထမပြန်စာမေးပွဲကို စီမံအုပ်ချုပ်ခဲ့သည်။
ပထမပြန်စာမေးပွဲအပြင် စာချတန်း(ဓမ္မာစရိယတန်း) တစ်တန်းတိုးကာ ကျင်းပခဲ့သည်။ ယင်း စာချတန်း(ဓမ္မာစရိယတန်း)၌ ပြဋ္ဌာန်းကျမ်းများမှာ ပါရာဇိကဏ်အဋ္ဌကထာ၊ သီလက္ခန်အဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာဟူ၍ ကျမ်းရင်းသုံးကျမ်းနှင့် ဂုဏ်ထူးဆောင် ပါဠိအဋ္ဌကထာ ခြောက်ကျမ်းတို့ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၃ဝ၄(၁၉၄၂)ခုနှစ်မှစ၍ ၁၃ဝ၇(၁၉၄၅)ခုနှစ်တိုင်အောင် (၄)နှစ် တိတိ စာမေးပွဲများ မကျင်းပနိုင်ပေ။ ၁၃ဝ၈(၁၉၄၆)ခုနှစ်မှစ၍ ဆက်လက်ကျင်းပခဲ့ရသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဖြစ် ရပ်တည်ခဲ့သည်။ ပရိယတ္တိပညာရေးအပိုင်းတွင် ယခင်က ကျင်းပပြုလုပ်ခဲ့သည့် ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲအပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် သာသနာရေးအထူးအရာရှိထား၍ ယင်းရုံးအဖွဲ့မှ တာဝန်ယူကာ ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ များကို ကျင်းပခဲ့သည်။
သက္ကရာဇ် ၁၃၁၂ ခု(၁၉၅ဝ)တွင် ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယအက်ဥပဒေကိုပြဋ္ဌာန်း၍ ယင်း အက်ဥပဒေအရ ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့ ဖွဲ့စည်း၍ ဓမ္မာစရိယစာမေးပွဲကို စီမံအုပ်ချုပ်လျက် ပထမပြန် စာမေးပွဲနှင်အတူ မကျင်းပတော့ဘဲ တစ်သီးတစ်ခြားခွဲ၍ ဓမ္မာစရိယစာချတန်း စာမေးပွဲ ကိုလည်း ကျင်းပခဲ့ပါသည်။
သက္ကရာဇ် ၁၃၁၃ခု(၁၉၅၁)ခုနှစ်တွင် ပါဠိပညာရေးအဖွဲ့အက်ဥပဒေကို ပြဋ္ဌာန်း၍ ယင်း အက်ဥပဒေအရ ဆရာတော်၊ သံဃာတော်များပါဝင်သော ပါဠိပညာရေးအဖွဲ့ကို ဖွဲ့စည်းကာ စီမံအုပ်ချုပ် လျက် ပထမပြန်စာမေးပွဲ ကျင်းပလာခဲ့သည်။
၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီ အစိုးရသည် ဝန်ကြီးဌာန အားလုံးကို ပြန်လည်စုစည်း၍ အသစ်ပြန်လည်ဖွဲ့ခဲ့ရာ ပြည်ထဲရေးနှင့်သာသာနာရေးဝန်ကြီးဌာန ပေါ်ပေါက်လာ ခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ပေါ်ပေါက်လာပြီး သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ ပထမပြန်နှင့်ဓမ္မာစရိယစာမေးပွဲများကို ကျင်းပခဲ့ပါသည်။
ထို့ပြင် ဗုဒ္ဓသာသနာအဖွဲ့မှ ကျင်းပသည့် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကိုလည်း သာသနာရေးဦးစီးဌာနက တာဝန်ယူ ကျင်းပခဲ့ပါသည်။
၁၉၆၅ ခုနှစ်တွင် တော်လှန်ရေးကောင်စီက ဝိနိစ္ဆယအက်ဥပဒေ၊ ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေ၊ ပါဠိပညာရေးအက်ဥပဒေတို့ကို ဖျက်သိမ်းခဲ့သော်လည်း ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ များကို ဆက်လက်ကျင်းပခဲ့ပါသည်။
၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံကို ပြည်သူ့ဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ပြီးနောက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးတို့ကို ဆောင်ရွက်ရာတွင် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စနစ်တကျ ဖြစ်ပေါ်လာရေးကိုလည်း ဦးစားပေးဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီးကို ၁၃၄၂ ခုနှစ်(၁၉၈ဝ)ပြည့်နှစ်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အောက်ဖော်ပြပါ ပရိယတ္တိမူလေးချက်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်-
- အကျင့်သိက္ခာ မြင့်မားစေခြင်း၊
- ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း၊
- ပါဠိဘာသာ တတ်မြောက်ကျွမ်းကျင်စေခြင်း၊
- မြန်မာစာပေ အရေးအသားတော်စေခြင်း၊
- ယင်းပရိယတ္တိမူလေးချက်နှင့်အညီ ပထမပြန်စာမေးပွဲကို ၁၃၄၆ ခုနှစ်(၁၉၈၄)ခုနှစ်မှစ၍ အခြေ ပြုမူလတန်းတစ်တန်းတိုး၍ စနစ်သစ်ဖြင့် ကျင်းပခဲ့ပါသည်။ ထို့ပြင် ဘာသာပြန်ကျမ်းစာကို ဖြုတ်၍ မြန်မာစာဘာသာရပ်ကို ပြဋ္ဌာန်းခဲ့ပါသည်။
ပထမပြန်နှင့်ဓမ္မာစရိယစာမေးပွဲ မေးခွန်းထုတ်ခြင်း၊ စာစစ်ခြင်းလုပ်ငန်းများကို ပထမပြန်နှင့် ဓမ္မာစရိယ ဗဟိုအဖွဲ့ တစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်ခဲ့ရာ ပထမပြန်စာမေးပွဲဝင် ပုဂ္ဂိုလ်များမှာ တစ်နှစ် ထက်တစ်နှစ် များပြားလာသဖြင့် ပထမပြန်နှင့်ဓမ္မာစရိယဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ ကြီးမား ကျယ်ပြန့်လာခြင်း၊ စာမေးပွဲမေးခွန်းများကို လုံခြုံအောင်ထိန်းသိမ်းရခြင်း၊ စာဖြေဌာန အသီးသီးသို့ မေးခွန်းများ အချိန်မီရောက်အောင် ဖြန့်ချိပေးပို့ရခြင်းစသော လုပ်ငန်းတာဝန်များ ပိုမိုကျယ်ပြန့်လာပါ သည်။
ပထမပြန် စာမေးပွဲများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် အသီးသီးခွဲခြားလျက် စာမေးပွဲကျင်းပရန် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး/ ပြည်နယ် ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များ၊ စာသင်တိုက်ကြီးများမှ ပဓာန နာယကဆရာတော်ကြီးများထံ သြဝါဒခံယူ လျှောက်ထားခဲ့ရာ ဆရာတော်များအားလုံးက ဆရာ/ဒကာ တိုင်ပင်ညှိနှိုင်း၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အသီးသီး တာဝန်ယူကျင်းပနိုင်ရန် သြဝါဒချီးမြှင့်ခဲ့ကြပါသည်။
ဆရာတော်ကြီးများ၏သြဝါဒနှင့်အညီ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပထမပြန်ပညာရေးဗဟိုအဖွဲ့ခွဲများ ဖွဲ့စည်း၍ လည်းကောင်းဆောင်ရွက်တော်မူခဲ့ပြီး သာသနာရေးဝန်ကြီးဌာနမှလည်း လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး ၁၉၉၉-ခုနှစ်မှ ၂ဝ၁၂-ခုနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပထမပြန်စာမေးပွဲများကို ကျင်းပခဲ့ ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက ကျင်းပသည့် ပထမပြန်စာမေးပွဲများတွင် အတန်း အလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်ပုဂ္ဂိုလ် (၃)ပါးစီနှင့် အတန်းအလိုက် ပထမရရှိသည့် သီလရှင်(၁)ပါးစီ ကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေသို့ပင့်ဆောင်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပညာရေးဗဟိုအဖွဲ့က ပထမကျော် စသော အထူးအောင် ရွေးချယ်ရေးစာမေးပွဲကို နှစ်စဉ်ကျင်းပ၍ ပထမကျော်နှင့် အထူးအောင်ပုဂ္ဂိုလ်များကို ရွေးချယ်ခဲ့ ပါသည်။
မန္တလေးမြို့၊ ပထမပြန်စာမေးပွဲ စာဖြေဌာနတွင် ရဟန်းသံဃာတော်များ
ပထမပြန်စာမေးပွဲ ဖြေဆိုနေကြစဉ်