တိုင်းဒေသကြီး/ပြည်နယ်အဆင့်

 

တိုင်းဒေသကြီး/ပြည်နယ်အဆင့်       –       တိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ

 

တိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့ (ဝိနိစ္ဆယလက်စွဲ)

[သတ္တမအကြိမ်၊ နိုင်/ဗဟို၊ တတိယအစည်းအဝေး ၂၀၁၅ ပြင်ဆင်ချက်မှ အမှတ်စဉ်အတိုင်း ကောက်နုတ်ချက်]

၂၁၆။         မူလစစ်ဆေးသော မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သော စောဒက/ စုဒိတကသည် ဝိနည်းတရားတော်နှင့်သော်လည်းကောင်း၊ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့် သော်လည်းကောင်း၊ ဝိနိစ္ဆယလက်စွဲနှင့်သော်လည်းကောင်း၊ မညီညွတ်သောအချက်များကို ခိုင်လုံစွာ အကြောင်းပြရေးသားလျက် သတ်မှတ်ထားသော နောက်ဆက်တွဲ ပုံစံ(၉)ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့သို့ ဆုံးဖြတ်ချက်ချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံ စောဒနာ ဝင်လွှာ(၂)စောင် တင်သွင်းနိုင်သည်။

၂၁၇။         အယူခံစောဒနာဝင်လွှာ တင်သွင်းရာတွင် မူလစစ်ဆေးသော မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက် ပုံစံ(၇) မိတ္တူမှန်တစ်စောင်ကို အယူခံစောဒနာဝင်လွှာ(၂)စောင်နှင့်အတူ ပူးတွဲတင်သွင်း ရမည်။

၂၁၈။         အယူခံစောဒကသည် မိမိအယူခံတင်သွင်းသည့် အကြောင်းကို မြို့နယ်သံဃနာယကအဖွဲ့သို့ စာဖြင့် အသိပေးလျှောက်ထားရမည်။

၂၁၉။         အယူခံစောဒနာမဝင်ဟု လက်မှတ်ရေးထိုးထားပါက သို့မဟုတ် အယူခံရက် ကုန်ဆုံးပါက မြို့နယ်သံဃနာယကအဖွဲ့သည် အမှုတွဲကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အကျိုးအကြောင်း ဖော်ပြကာ တိုက်ရိုက်ပေးပို့ရမည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးတို့အား အမှုတွဲပေးပို့သည့်စာ မိတ္တူပေးရမည်။

၂၂၀။         မူလစစ်ဆေးသော မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သော စောဒက/စုဒိတကသည် တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့သို့ အယူခံစောဒနာဝင်လွှာ တင်သွင်းရာ၌ သက်ဆိုင်ရာ အဖွဲ့အစည်းဝင် ဆရာတော်တစ်ပါးပါးကိုဖြစ်စေ၊ တစ်ဖွဲ့လုံးကိုဖြစ်စေ အက္ကောသဝတ္ထုတို့ဖြင့် ဆဲရေးခြင်း၊ အာပတ်သို့တင်၍(သို့မဟုတ်) ဝတ္ထုကိုပြ၍ဖြစ်စေ စွပ်စွဲခြင်းတို့တွင် တစ်ခုခုကိုသော်မျှ မပြုရ၊ ယင်းသို့ မပြုလုပ်ရန် သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့က အသိပေး ပြောကြားရမည်။

၂၂၁။         တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သည် အယူခံစောဒနာဝင်လွှာကို စိစစ်၍ သတ်မှတ် သည့် ပုံစံ(၁၀)ဖြင့် ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်း အယူခံစောဒနာဝင်ဆိုင်ရာ မှတ်ပုံတင်စာရင်း၌ ရေးသွင်း မှတ်ပုံတင်ရမည်။

၂၂၂။         မြို့နယ်သံဃနာယကအဖွဲ့က အသိပေးတားမြစ်ပါလျက် အယူခံစောဒနာဝင်လွှာ၌ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း-၄၇(ခ)ပါ တားမြစ်ချက်တစ်ခုခု ပါရှိနေကြောင်း စိစစ်တွေ့ရှိရပါက အကြောင်းပြည့်စုံစွာ ဖော်ပြ၍ ယင်းအယူခံစောဒနာဝင်လွှာကို (အပြီးအပြတ်)ပလပ်ပယ်ချရမည်။ အထက် အဖွဲ့အစည်းအဆင့်ဆင့်သို့ ဆက်လက်အယူခံဝင်ခွင့် မရှိစေရ။ (တားမြစ်ချက်မပါရှိပါက အယူခံဝင်ခွင့် ရှိစေရမည်။)

၂၂၃။         တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သည် အယူခံစောဒနာဝင်လွှာကို ပလပ်ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ဆုံးဖြတ်သည့်နေ့မှ ၇-ရက်အတွင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အစီရင်ခံစာ တင်ပြ၍ မိတ္တူကို သက်ဆိုင်ရာ အယူခံစောဒနာဝင်သူထံ ပေးပို့ရသည်။

၂၂၄။         အယူခံစောဒကသည် ပလပ်ပယ်ချခြင်းကို မကျေနပ်လျှင် ပလပ်ပယ်ချသည့်နေ့မှ ရက်ပေါင်း ၃၀-အတွင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ ပလပ်ပယ်ချခံရသည့် အယူခံစောဒနာဝင်လွှာ မိတ္တူမှန်နှင့်တကွ အယူခံစောဒနာဝင်လွှာ တင်သွင်းနိုင်သည်။

၂၂၅။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း ပယ်ဖျက်ခြင်း ပြုရမည်။

၂၂၆။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုလျှင် အတည်ပြုကြောင်း ပြန်ကြား၍ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လျှင် ပယ်ဖျက်ကြောင်း ပြန်ကြားသည့်အခါ အယူခံစောဒနာဝင်လွှာအမှုကို လက်ခံဆောင်ရွက်ရန်ကိုပါ ညွှန်ကြားပေးရမည်။

၂၂၇။         တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့သည် အယူခံစောဒနာဝင်လွှာကို ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း အပိုဒ်(၄၈)အရ ဆောင်ရွက်ဖွယ်မရှိပါက အယူခံစောဒနာဝင်လွှာကို လက်ခံပြီး အယူခံစောဒနာဝင်လွှာ ရရှိသည့်နေ့မှ ၁၅-ရက်အတွင်း၌လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားချက်အရ လက်ခံရလျှင် ညွှန်ကြားစာရရှိသည့်နေ့မှ ၁၅-ရက်အတွင်း၌လည်းကောင်း အယူခံစောဒနာဝင်လွှာ(၁)စောင်ကို တစ်ဖက်အမှုသည်ထံသို့ ပေးပို့၍ ၁၅-ရက်အတွင်း သောဓနာလွှာ (၂)စောင် တင်သွင်းရန် ညွှန်ကြားရမည်။

၂၂၈။         သောဓနာလွှာ(၂)စောင်ကို ရရှိပါက တစ်စောင်ကို အယူခံဝင်စောဒကသို့ ပေးပို့ရမည်။ သောဓနာလွှာမရပါက သောဓနာလွှာမရကြောင်း ဖော်ပြသည့်စာကို တိုင်းဒေသကြီး/ပြည်နယ် သံဃနာယက အဖွဲ့ တံဆိပ်ရိုက်နှိပ်၍ အမှုတွဲ၌ ထည့်သွင်းထားရမည်။

၂၂၉။         သောဓနာလွှာ တင်သွင်းရန် ခွင့်ပြုချက်ကုန်ဆုံးပြီးနောက် သောဓနာလွှာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မြို့နယ်သံဃနာယကအဖွဲ့က လွှဲပြောင်းပေးထားသော အမှုတွဲကို လက်ခံရရှိသည့်နေ့ မှ ၁၅-ရက်အတွင်း (တိုင်းဒေသကြီး/ပြည်နယ် ဆွမ်းကွမ်းဝေယျာဝစ္စအဖွဲ့ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးက အထူးလျှောက်ထားချက် မရှိပါလျှင်)မိမိတိုင်းဒေသကြီး/ပြည်နယ်အတွင်း မူလဆုံးဖြတ်သည့် မြို့နယ်မှ အခြားမြို့နယ်များရှိ ရွေးချယ်စဉ်ကျရာ ဝိနည်းဓိုရ်ဆရာတော်(၃)ပါး/၅-ပါး နှင့် အရန်(၂)ပါး ပါဝင်သော အယူခံစောဒနာဝင် တိုင်ဒေသကြီး/ပြည်နယ် သံဃဝိနိစ္ဆယအဖွဲ့ကို သတ်မှတ် သည့် ပုံစံ(၁၀)ဖြင့် ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုး ဖွဲ့စည်းရမည်။

၂၃၀။        တိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းမိန့်နှင့်အတူ အမှုတွဲကို သက်ဆိုင်ရာ မြို့နယ်သို့ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယက ဆရာတော်ကိုယ်တိုင် ကြွရောက်လွှဲပြောင်း ပေးအပ် ရမည်။

၂၃၁။         အမှုတွဲ လွှဲပြောင်းပေးအပ်ရာ၌ အခြားလိုအပ်သောပုံစံများ တိုင်းဒေသကြီး/ပြည်နယ် သံဃဝိနိစ္ဆယ အဖွဲ့ တံဆိပ်တုံးကိုပါ တစ်ပါးတည်းပေးအပ်ရမည်။

၂၃၂။         တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သည် မိမိအဖွဲ့တည်ရာဌာန မြို့နယ်ရှိ ဝိနည်းဓိုရ် များဖြင့် အယူခံစောဒနာဝင် သံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ပါက ယင်းသံဃဝိနိစ္ဆယအဖွဲ့၏ လိုအပ်သော အကူအညီများ ရရှိရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးအား လိုအပ်သလို အကြောင်းကြားပေးရမည်။

၂၃၃။         တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သည် မိမိအဖွဲ့တည်ရာဌာန မြို့နယ်မှတစ်ပါး အခြားသော မြို့နယ်များသို့ သွားရောက်၍ ယင်းမြို့နယ်များမှ ဝိနည်းဓိုရ်များဖြင့် ဖွဲ့စည်းဆောင်ရွက် ပါက သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့အား တိုင်းဒေသကြီး/ပြည်နယ်သံဃနာယက အဖွဲ့ကိုယ်စား ဆောင်ရွက်ရန် ရှိသည်များကို ဆောင်ရွက်ပေးရန် လွှဲအပ်နိုင်သည်။