သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ငလျင်ဒဏ်သင့်ဝန်ထမ်းများကို လိုအပ်သည်များ ထောက်ပံပေးအပ်၍ အားပေးစကားပြောကြား
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ၃.၄.၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများ ဖြစ်သည့် ဓနသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် ၁၂၀၃၊ ၁၃၇၁၊ ၁၃၇၂၊ ၁၃၇၇၊ ၁၃၂၈၊ ၁၃၂၁၊ တိုက်အမှတ်၊ ၅၃၂၇၊ ၅၃၂၈၊ ၅၃၂၉၊ ၅၃၃၀ များနှင့် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ဝန်ထမ်းအိမ်ရာများမှ ရောက်ရှိ နေသည့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းမိသားစုများသို့ ဆန် ၆ ပြည်အိပ် ၁ အိပ်စီ စုစုပေါင်း ဆန် ၁၄၀၀ အိပ်နှင့် ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းမိသားစုများအား စိတ်ဓာတ် ကြံ့ကြံ့ခံနိုင်ရန်လိုကြောင်း၊ လိုအပ်သည် များကို တတ်နိုင်သမျှ အမြန်ဆုံး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေး ဦးစီးဌာနမှ ပထမအကြိမ် မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်၍ သတ်မှတ်ကာလအတွင်း မေးခိုင် ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်း နွေးနွေးထွေးထွေး အားပေးစကား ပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ အိမ်ရာအနီးတွင် နေထိုင်မှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး သတိဝီရိယဖြင့် နေထိုင်ကြရန်နှင့် လတ်တလောအခြေအနေတွင် အထပ်မြင့် အဆောက်အဦများအတွင်း နေထိုင်ခြင်းမပြုကြရန်၊ သောက်ရေသုံးရေများ ကျန်းမာရေးနှင့်ညီညွှတ်အောင် အသုံးပြုနိုင်ရေး ဂရုပြုဆောင်ရွက်သွားကြရန်၊ ယာယီနေထိုင်ရသည့် အခြေအနေတွင် လုံခြုံရေးဂရုပြု ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။







