နိုင်ငံတော်အဆင့်

နိုင်ငံတော်အဆင့်

–       နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ

–       သီးခြားသံဃဝိနိစ္ဆယအဖွဲ့

–       နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့

–       နိုင်ငံတော်သီးခြားဝိနည်းဓိုရ်

 

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့(ဝိနိစ္ဆယလက်စွဲ)

[သတ္တမအကြိမ်၊ နိုင်/ဗဟို၊ တတိယအစည်းအဝေး ၂၀၁၅ ပြင်ဆင်ချက်မှ အမှတ်စဉ်အတိုင်း ကောက်နုတ်ချက်]

၂၅၅။         တိုင်းဒေသကြီး/ပြည်နယ် သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သော စောဒက၊ စုဒိတကသည် တိုင်းဒေသကြီး/ပြည်နယ် သံဃဝိနိစ္ဆယအဖွဲ့က ဆုံးဖြတ်ချက်ချသည့်နေ့မှစ၍ ၄၅-ရက် အတွင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အယူခံဝင်ရောက်နိုင်သည်။

၂၅၆။         အယူခံစောဒနာဝင်လွှာကို သတ်မှတ်ထားသော ပုံစံ(၁၂)ဖြင့် (၂)စောင် တင်သွင်းရမည်။ စောဒနာဝင်လွှာနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ် သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက် ပုံစံ(၇)မိတ္တူမှန် (၁)စောင်ကို ပူးတွဲတင်သွင်းရမည်။

၂၅၇။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် တင်သွင်းလာသော အယူခံစောဒနာလွှာကို စိစစ် လက်ခံ၍ သတ်မှတ်သည့် နောက်ဆက်တွဲ ပုံစံ(၁၃)ဖြင့် ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်း အယူခံ စောဒနာဆိုင်ရာ မှတ်ပုံတင်စာရင်း၌ ရေးသွင်းမှတ်ပုံတင်ထားရမည်။

၂၅၈။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ သီးခြားအမှုများမှ အယူခံဝင်ရောက်လာသော အယူခံ စောဒနာဝင်လွှာ၌ တားမြစ်ထားသော အချက်များပါရှိကြောင်း စိစစ်တွေ့ရှိရပါက ယင်းအယူခံ စောဒနာဝင်လွှာကို (အပြီးအပြတ်) ပလပ်ပယ်ချရမည်။

၂၅၉။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အပိုဒ်-၂၅၈ အရ အပြီးအပြတ် ပယ်ချလျှင် တိုင်းဒေသကြီး/ ပြည်နယ် သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို အယူခံပြီးပြတ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

၂၆၀။        နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အယူခံစောဒနာဝင်လွှာကို လက်ခံလျှင် လက်ခံ သည့်နေ့မှ ၂၁-ရက်အတွင်း တစ်ဘက်စုဒိတကထံသို့ စောဒနာလွှာ လာရောက်ထုတ်ယူရန် စာဖြင့် အကြောင်းကြားရမည်။ စုဒိတကသည် စောဒနာလွှာ(၁)စောင် ရရှိပါက ၂၁-ရက်အတွင်း သောဓနာလွှာ (၂)စောင် တင်သွင်းရမည်။

၂၆၁။         သောဓနာလွှာ (၂)စောင်ကို ရရှိပါက (၁)စောင်ကို အယူခံစောဒကသို့ ပေးရမည်။ သောဓနာလွှာ မရရှိပါက သောဓနာလွှာမရကြောင်း ဖော်ပြသည့်စာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တံဆိပ်နှိပ်၍ အမှုတွဲ၌ ထည့်သွင်းရမည်။

၂၆၂။         သောဓနာလွှာ တင်သွင်းရန် ခွင့်ပြုရက် ကုန်ဆုံးပြီးနောက် သောဓနာလွှာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းပေးရမည်။

၂၆၃။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်အယူခံသံဃဝိနိစ္ဆယအဖွဲ့ကို (၁)ဖွဲ့ ထက် ပို၍ ဖွဲ့စည်းပါက အလှည့်ကျအဖွဲ့ခွဲ၏ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်(၂)ပါး တို့က အမှုတွဲကို မဲစနစ်ဖြင့် လွှဲအပ်ပေးရမည်။

၂၆၄။         နိုင်ငံတော် အယူခံမှုခင်းသည် နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်များ နေထိုင်ရာ အခြေခံဒေသ နေထိုင်ရာ မြို့နယ်အတွင်း၌ ဖြစ်ပွားသော မှုခင်းဖြစ်လျှင်သော်လည်းကောင်း၊ အချင်းဖြစ်မှုခင်းတွင် ပါဝင်သော စောဒက၊ စုဒိတကတို့သည် မိမိနှင့် သိကျွမ်းခင်မင်ရင်းနှီးဆက်စပ်မှု ရှိနေသဖြင့် မှုခင်း နှင့်ပတ်သက်၍ သံသယရှိခဲ့လျှင်သော်လည်းကောင်း အမှုတွဲကို ပြန်လည်ပေးအပ်၍ အခြားသံသယ ကင်းရှင်းသည့် အမှုတွဲနှင့်လဲလှယ်ရမည်။

၂၆၅။         အယူခံ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းရာတွင် မူလမှုခင်းဖြစ်ပွားရာ ဆုံးဖြတ်ရာ အခြေခံဒေသရှိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်​ဆောင်ဆရာတော်များ မပါဝင်စေဘဲ အခြားသင့်လျော်သည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်(၃)ပါး၊ (၅)ပါးနှင့် အရန်(၂)ပါးတို့ ပါဝင်သော အယူခံ စောဒနာဝင် နိင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ကို သတ်မှတ်သည့် ပုံစံ(၁၄)ဖြင့် အလှည့်ကျအဖွဲ့ခွဲ၏ ဒုတိယ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် လက်မှတ်ရေးထိုး ဖွဲ့စည်း၍ အမှုတွဲကို ချက်ချင်းလွှဲပြောင်း ပေးအပ်ရမည်။

၂၆၆။         နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့သည် စစ်ဆေးရန်လိုအပ်နေသော စောဒက၊ စုဒိတကနှင့် သက်သေများကို ခေါ်ယူစစ်ဆေးနိုင်ခွင့်ရှိသည်။

၂၆၇။         အယူခံ သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းအပိုဒ်(၅၂)အရ တားမြစ်ချက် များကို ဂရုပြု၍ စောဒက/စုဒိတက သက်သေများ စစ်ဆေးခြင်းကို လည်းကောင်း၊ သက်သေခံပစ္စည်း လက်ခံခြင်းကို လည်းကောင်း၊ သုံးသပ်ခြင်းကိုလည်းကောင်း ဆောင်ရွက်ရမည်။

၂၆၈။         အယူခံဝင် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းတရားတော်နှင့်အညီ ဆုံးဖြတ်ချက် ချရာတွင် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ်(၅၅)နှင့်လည်း ညီညွတ်စေရမည်။

၂၆၉။         အယူခံ စောဒနာဝင် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ ၊ နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့နှင့် မြို့နယ် သီးခြားသံဃဝိနိစ္ဆယအဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို အယူခံ စောဒနာဝင်ခွင့် မရှိစေရ။

၂၇၀။        မည်သည့် သံဃဝိနိစ္ဆယအဆင့်တွင် ဖြစ်စေ၊ အယူခံ မဝင်သော သို့မဟုတ် အယူခံရက် ကုန်ဆုံးပြီးဖြစ်သော ဝိနိစ္ဆယဆုံးဖြတ်ချက်တို့သည် အယူခံပြီးပြတ်ပြီး ဖြစ်ကြသည်ဟု မှတ်ယူရမည်။

၂၇၁။         သံဃဝိနိစ္ဆယအဖွဲ့အဆင့်ဆင့်က ဆုံးဖြတ်ချက်ချမှတ်ရာတွင် သက်ဆိုင်ရာက အာဏာစက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လွယ်ကူချောမောစေရန် ရှင်းလင်းပေါ်လွင်သည့် စကားလုံး အသုံးအနှုန်းများဖြင့် တိကျပြတ်သားစွာ ရေးသားဆုံးဖြတ်ရမည်။ [နိုင်သည်/သင့်သည်/ထိုက်သည် ဟူသော အသုံးအနှုန်းများဖြင့် ဆုံးဖြတ်ခြင်းမပြုရ။]

၂၇၂။       သံဃဝိနိစ္ဆယအဖွဲ့ ဝိနိစ္ဆယချမှတ်ရာသို့ လာရောက်သော စောဒက စုဒိတကတို့သည် (ဗုဒ္ဓေန သယံ နိသီဒိတွာ ဝိနိစ္ဆိတသဒိသော ဟောတိ-ဝိ၊ ဋ္ဌ၊ ၄။ ၂၀၂။ ဝိ၊ သင်္ဂဟ။ ၃၂၅ ဟူသော ဒေသနာတော် အရ) ဝိနိစ္ဆယရုံးတော်နှင့် ဝိနည်းဓိုရ်ဆရာတော်များအား ရိုသေလေးစားစွာ နားထောင်ကြရမည်။ ဝိနိစ္ဆယဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ ထပြန်သွားခြင်း၊ ဝိနည်းဓိုရ်ဆရာတော်များအား မချေမငံ ပြောဆိုခြင်းများကို ရှောင်ကြဉ်ကြရမည်။

၂၇၃။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဝိနိစ္ဆယဆုံးဖြတ်ချက်များကို ပယ်ဖျက်ရန် လိုအပ် ကြောင်း တွေ့ရှိရပါက စောဒက/စုဒိတကတို့က အသနားခံလွှာ တင်သွင်းသည်ဖြစ်စေ၊ မတင်သွင်းသည် ဖြစ်စေ ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ အပိုဒ်၅၆(ဂ)နှင့်အညီ ဆောင်ရွက်ရမည်။

၂၇၄။         လျှို့ဝှက်ဆန္ဒမဲပေးရာတွင် သိမြင်လွယ်၍ လွဲမှားမှုမရှိနိုင်သော မဲပေးပုံစံကို ပြုလုပ်ထားရမည်။

၂၇၅။         ဝိနိစ္ဆယဆုံးဖြတ်ချက်ကို ပယ်ဖျက်လျှင် ဝိနိစ္ဆယအဖွဲ့သစ်ဖြင့် စစ်ဆေးရမည်။ သို့မဟုတ် ဆုံးဖြတ်ချက်ကို ဖြုတ်ပယ်ခြင်းများ ပြုလုပ်ဆောင်ရွက်မည်ကိုလည်း တပါတည်း ဆုံးဖြတ်ရမည်။

၂၇၆။         ဆုံးဖြတ်ချက်ကို ဖြုတ်ပယ်ခြင်းပြုပါက ဖြတ်ပယ်လိုသည့် အချက်များကို ယင်းအစည်း အဝေးသို့တင်၍ အတည်ပြုချက်ရယူရမည်။

၂၇၇။         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ်၅၇(င)အရ ဖွဲ့စည်းသော နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့များ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတော်အစိုးရက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်လျှင် ပယ်ဖျက်ခြင်း လုံးဝမပြုရ။

၂၇၈။         ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဖြည့်စွက်ချက်နှင့် ဝိနိစ္ဆယလက်စွဲတွင် မူလကပင် ပျက်ပြယ်ကြောင်း၊ သို့မဟုတ် အလိုအလျောက် ပျက်ပြယ်ကြောင်း အတိအလင်း ဖော်ပြထားခြင်းမရှိ၍ အဆုံးအဖြတ်ပေးရန် လိုအပ်သည့်မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် သံဃဝိနိစ္ဆယအဖွဲ့များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးက လျှို့ဝှက်မဲများရာ ဆန္ဒဖြင့် ဆုံးဖြတ်ပေးရမည်။

 

Next Page