သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့သည် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် စေတနာရှင် အလှူရှင်များက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊ ဆန်နှင့်ဆီများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့သည် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ငါးများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ၁၀.၄.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ(အပေါ်ထပ်)၊ ရုံးအမှတ်(၃၁)၌ ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ၇.၇ ရစ်ချက်စတာစကေးရှိ အင်အား ပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အဦများ၊ ဘုရားစေတီများ၊ စာသင်တိုက်များ၊ ဘာသာပေါင်းစုံမှ အဆောက်အဦများ ပျက်စီးခဲ့ရပါကြောင်း၊ ပျက်စီးမှုထဲ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများလည်း ထိခိုက်ခံစားခဲ့ရပါကြောင်း၊ အဆိုပါ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခြင်း၊ အသက်သေဆုံးခြင်းများ ရှိခဲ့ပါကြောင်း၊ မိမိတို့ဝန်ထမ်းများကို ယခုကဲ့သို့စားဝတ်နေရေး ခက်ခဲသည့်အချိန်တွင် ဝန်ထမ်းမိသားစုများကို လှူဒါန်းခြင်းအား ပြည်ထောင်စုဝန်ကြီး မှလည်း များစွာဝမ်းမြောက်ကြောင်း ပြောကြားပေးရန် မှာကြားသွားပါကြောင်း၊ နောင်တွင်လည်း ဆက်လက်လှူဒါန်းသွားစေလိုပါကြောင်း၊ ယခုကဲ့သို့ ဘာသာပေါင်းစုံအဖွဲ့များမှ လှူဒါန်းသည်များကို ငလျင်ဒဏ်သင့် ဝန်ထမ်းများထံ စနစ်တကျပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊ ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ငါးများနှင့် ထောက်ပံ့ငွေတို့ကို ထောက်ပံ့လှူဒါန်းသည့်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယကနှင့် Royal Thant Family Company Limited တော်ဝင်သန့်မိသားစုကုမ္ပဏီလီမီတက်(ပြည်တွင်းပင်လယ်ငါးဖမ်းလုပ်ငန်း)မှ စီမံတာဝန်ခံ က အလှူရှင်များကိုယ်စား လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ငါးများ ပေးအပ် လှူဒါန်းခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ မှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းထံသို့လည်းကောင်း၊ The General Council of Assemblies of God of Myanmar မှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံထံသို့လည်းကောင်း၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)က အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးထံသို့လည်းကောင်း၊ Royal Thant Family Company Limited တော်ဝင်သန့် မိသားစုကုမ္ပဏီလီမီတက် (ပြည်တွင်းပင်လယ်ငါးဖမ်းလုပ်ငန်း)မှ စီမံတာဝန်ခံ ဦးမြသိန်း က သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းထံသို့လည်းကောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ထံသို့လည်းကောင်း ရေသန့်ဗူးများ၊ စားသောက်ဖွယ်ရာများ ဆန်အိတ်များ၊ ဆီဗူးများ၊ ငါးများ၊ အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်းကြကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ် ကြသည်။
၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုကဲ့သို့ ချစ်စရာကောင်းသည့် မြန်မာ့ဓလေ့စရိုက်များအတိုင်း လာရောက် လှူဒါန်းသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ ဒုက္ခရောက်နေအချိန် လာရောက်လှူဒါန်းမှုကိုများစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)၊ The General Council of Assemblies of God of Myanmar ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)၊ Royal Thant Family Company Limited တော်ဝင်သန့်မိသားစုကုမ္ပဏီလီမီတက်(ပြည်တွင်းပင်လယ်ငါးဖမ်းလုပ်ငန်း) စီမံတာဝန်ခံ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများ စသည့်အလှူရှင်တို့မှ ငလျင်ဒဏ်သင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ဆန် ၂၄ ပြည်အိတ် ၁၀၀ အိတ်၊ ဆီ ၁ လီတာ ၁၀၀ ဗူးနှင့် ငွေကျပ် သိန်း ၂၀၀ ၊ ငါးမည်းလုံးပိဿာ ၅၀၀ တန်ဖိုး အားဖြင့် ကျပ်သိန်း ၁၀၀ ခန့်နှင့် ရေသန့်ဗူး၊ စားသောက်ဖွယ်ရာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သည့်ဝန်ထမ်း ၁၁ ဦးအတွက် အလှူငွေ ၅၅ သိန်း အသီးသီးလှူဒါန်းခဲ့ကြပါသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူ များနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာ၊ ဓနုဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းမိသားစုများထံ သွားရောက်၍ အလှူရှင်များက လှူဒါန်းသည့်ငါးများအား ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။