ဦးစီးဌာနနောက်ခံသမိုင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိပြီးနောက် ၂၆-၈-၁၉၅၀ ခုနှစ်တွင် နိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၂၇-၈-၁၉၅၁ ရက်နေ့တွင် အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ဗုဒ္ဓဘာသာအသင်းတည်ရာ ခန်းမကြီး၌ကျင်းပပြီး သာသနာရေးကိစ္စအဝဝတို့ကို အသီးသီး တာဝန်ခွဲစေ၍ ကောင်းမွန်စွာဆောင်ရွက် နိုင်ရန် အောက်ပါအဖွဲ့ငယ်(၄) ခုကို ဥပဒေပုဒ်မ ၂၃ နှင့် အညီ ဖွဲ့စည်းခဲ့သည်-

(က)     ပရိယတ္တိအဖွဲ့ငယ်

(ခ)       ပဋိပတ္တိအဖွဲ့ငယ်

(ဂ)       ဗုဒ္ဓသာသနာဖြန့်ချိရေးအဖွဲ့ငယ်

(ဃ)     ဘဏ္ဍာရေးအဖွဲ့ငယ်

တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့အဖြစ် ဆက်လက် ရပ်တည်ခဲ့ရာမှ ၁၇-၅-၁၉၆၂ တွင် နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အောက်ဖော်ပြပါ ဌာနခွဲများဖြင့် သီးခြားဝန်ကြီးဌာန တစ်ခုအဖြစ် ၁၄-၃-၁၉၇၂ နေ့အထိ တည်ရှိခဲ့သည်-

(က)     သာသနာ့ညွှန်ကြားရေးဝန်ဌာနခွဲ

(ခ)       ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ

(ဂ)       ပါဠိပညာရေးဌာနခွဲ

(ဃ)     ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

(င)       ဗုဒ္ဓသာသနာ့အဖွဲ့

(စ)       တိပိဋကဓရ ‌ရွေးချယ်ရေးအဖွဲ့

၁၅-၃-၁၉၇၂နေ့တွင် အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်မှုအစီအစဉ်အရ ယခင်ဖွဲ့စည်းတည်ရှိခဲ့သော ဖော်ပြပါဌာနခွဲများကို ပူးပေါင်း၍ သာသနာရေးဦးစီးဌာနကို ဖွဲ့စည်းပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်တွင် သာသနာရေးဦးစီးဌာနလည်း ပါဝင်ခဲ့သည်။ ထိုစဉ်အခါက သာသနာရေးဦးစီးဌာနကို-

(က)     သာသနာ့ရေးရာနှင့် စာမေးပွဲဌာနခွဲ

(ခ)       စီမံခန့်ခွဲရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ

(ဂ)       သုတေသနနှင့် ကျမ်းပြုဌာနခွဲ ဟူ၍(၃)ခုဖြင့် ဖွဲ့စည်းထားရှိခဲ့သည်။

၁၉၈၀-ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပေါ်ပေါက်လာခဲ့သဖြင့် များပြားလှသော သာသနာရေးလုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ချက်အရလည်းကောင်း၊ ပြည်ထဲရေး နှင့် သာသနာရေးဝန်ကြီးဌာန(ဝန်ကြီးရုံး)၏ ၁၆-၃-၁၉၉၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၉၁)ဖြင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနကို အသစ်ဖွဲ့စည်းရာတွင် သာသနာရေး ဦးစီးဌာနမှ သုတေသနနှင့်ကျမ်းပြုဌာနခွဲ၏ လုပ်ငန်းတာဝန်များဖြစ်သည့် စာကြည့်တိုက်၊ ပြတိုက် နှင့်ပေစာဌာန၊ တောင်တန်း သာသနာပြုဌာနတို့ကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနသို့ လူအင်အားနှင့်တကွ လွဲပြောင်းပေးခဲ့ရခြင်းကြောင့် သာသနာရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင် ရေးဆွဲရန် လိုအပ်လာပါသည်။

သို့ဖြစ်ပါ၍ သာသနာရေးဦးစီးဌာနကို-

(၁)       သာသနာ့ရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ

(၂)       စာမေးပွဲဌာနခွဲ

(၃)       စီမံခန့်ခွဲရေးဌာနခွဲ

(၄)       ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ

         ဟူ၍ဌာနခွဲ(၄)ခုဖြင့် ဖွဲ့စည်း၍ ၂၀-၃-၁၉၉၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၂၃/၉၂ဖြင့် သာသနာရေးဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယင်းဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန(၂)ဌာနအပြင် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ဟူ၍ ခွဲဝေတာဝန်ယူဆောင်ရွက်လျက်ရှိသည်။