သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများကို  လိုက်လံကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦး၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ၂.၄.၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၏ ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း/ အပြင်နှင့် စိန်တောင်တို့ကြား ထိခိုက်ပျက်စီးမှု၊ စေတီတော်ရင်ပြင်တော်ပျက်စီးမှု၊ ဥပ္ပါတသန္တိ စေတီတော် မြောက်ဘက်လှေကားများပျက်စီးမှု၊ ဥပ္ပါတသန္တိစေတီတော်ရင်ပြင်ပေါ်ရှိ ဆုတောင်းပြည့် စေတီတော် ပျက်စီးမှု၊ ဥပ္ပါတသန္တိစေတီတော် အရှေ့တောင်ထောင့်နှင့်အနောက်တောင်ထောင့်ရှိ ဓာတ်လှေခါးများပျက်စီးမှု၊ ဥပ္ပါတသန္တိစေတီတော် တံခွန်တိုင်နှင့် လျှောက်လမ်းစင်္ကြံ ပျက်စီးမှုများကို လှည့်လည်ကြည့်ရှုပါသည်။

ဥပ္ပါတသန္တိစေတီတော် လိုဏ်ဂူတော်အတွင်းရှိ ကြမ်းခင်းကြွေပြားများ ပျက်စီးမှု၊ မဟာဗုဒ္ဓဝင် ကျောက်ဆစ်လက်ရာများ ကွဲအက်ပျက်စီးမှု၊ ဘင်း(ထောက်တိုင်)များ ကွဲအက်ပျက်စီးမှု၊ ပလာစတာ များကွာကျပျက်စီးမှု၊ မြန်မာမှုလက်ရာများ ပျက်စီးမှု၊ ဥပ္ပါတသန္တိစေတီတော် ပတ်လည် စိန်တောင်နှင့် ရင်ပြင်တော်ကြမ်းခင်းကျောက်ပြားတို့ကြား ၁ ပေခန့် နိမ့်ဆင်းပျက်စီးမှု၊ ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တော်ရှိ ကျောက်ပြားများ ပျက်စီးမှု၊ ရင်ပြင်တော်တွင် ၆ လက်မခန့်ရှိ အက်ကြောင်းဖြစ်ပေါ် ပျက်စီးမှု၊ စေတီတော်၏ မြောက်ဘက်လှေခါးရှိ သရက်ကင်းများပျက်စီးမှု၊ ကျောက်ပြားများ ပျက်စီးမှု၊ စေတီတော်၏ အရှေ့မြောက်ထောင့်ရှိ ဆုတောင်းပြည့်ဘုရား မြေခပျက်စီးမှု၊ စေတီတော်သို့ တက်ရောက်ဖူးမြော်ကြည်ညိုနိုင်ရန် တည်ဆောက်ထားသည့် အရှေ့တောင်ထောင့်နှင့် အနောက်တောင် ထောင့်ရှိ ဓာတ်လှေခါးများ ပျက်စီးမှု၊ စေတီတော်၏ တံခွန်တိုင်နှင့် လျှောက်လမ်းစင်္ကြံများ ထိခိုက် ပျက်စီးမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောာင်စုဝန်ကြီးက ကျွမ်းကျင်အင်ဂျင်နီယာ ပညာရှင်များ၊ ဗိသုကာ ပညာရှင်များ၊ မြန်မာမှုပညာရှင်များနှင့် အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်ထိန်းသိမ်း တည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ်သွားရန် စေတီတော်ဂေါပကအဖွဲ့ဝင်များအား  လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။