သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမျိုးသားပြတိုက်(နေပြည်တော်)၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး
၁-၄-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်မြနုဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့် အတူ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အမျိုးသားပြတိုက်(နေပြည်တော်) ၏ ပျက်စီးမှုအခြေအနေ များကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားပြတိုက်(နေပြည်တော်)ရှိ သမိုင်းတင်ခေတ် ပြခန်း၊ သမိုင်းမတင်မီခေတ် ပြခန်း၊ သမိုင်းတင်ခေတ်ဦး ပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ ဗုဒ္ဓအနုပညာ ပြခန်း၊ အဆောင်(D) အုပ်ချုပ်မှု အဆောက်အဦတို့ကို လှည့်လည်ကြည့်ရှုပါသည်။ သမိုင်းတင်ခေတ် ပြခန်းတွင် စစ်သူကြီး၊ မင်းသား/မင်းသမီးပုံစံတူရုပ်တုများ၊ ပုဂံခေတ်မြေထည်ပစ္စည်းများပျက်စီးမှု၊ မျက်နှာကြက် ပျက်စီးမှု၊ ကြမ်းခင်းကြွေပြားပျက်စီးမှု၊ သမိုင်းမတင်မီခေတ် ပြခန်းတွင် မျက်နှာကြက်ပျက်စီးမှု၊ ကြမ်းခင်း ကြွေပြားပျက်စီးမှု၊ ကြေးခေတ်ကြေးထည်ပစ္စည်းများ ပြသမှန်ဘီရိုများ ပျက်စီးမှု၊ သမိုင်းတင် ခေတ်ဦး ပြခန်းတွင် ပျူခေတ်သဲကျောက်ဆင်းတု၊ မြေအရိုးအိုးများ၊ ပျူအုတ်ချပ်များ၊ မျက်နှာကြက် ပျက်စီးမှု၊ ကြမ်းခင်းကြွေပြားပျက်စီးမှု၊ ပျူဒင်္ဂါးပြသသည့် မှန်ဘီရိုပျက်စီးမှု၊ မျက်နှာကြက်ပျက်စီးမှု၊ ကြမ်းခင်းကြွေပြားပျက်စီးမှု၊ သီဟာသနပလ္လင်ပြခန်းတွင် ပြသမှန်ဘီရိုကြီးများ ပျက်စီးမှု၊ မျက်နှာကြက် ပျက်စီးမှု၊ ကြမ်းခင်းကြွေပြားပျက်စီးမှု၊ ဗုဒ္ဓအနုပညာ ပြခန်းများအတွင်း ပြသပစ္စည်းများ ထိခိုက် ပျက်စီးမှု၊ ပြသမှုအထောက်အကူပစ္စည်းများ ပျက်စီးမှု၊ ပြခန်းများအတွင်း မျက်နှာကြက်များ ကြမ်းခင်းကြွေပြားများ ပျက်စီးမှု၊ အဆောင်(D) အဆောက်အဦပိုင်းတွင် နံရံများပြိုကျပျက်စီးမှု၊ မျက်နှာကြက်များပျက်စီးမှု၊ ကြမ်းခင်းကြွေပြားများ ပျက်စီးမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက ပျက်စီးမှုများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်၊ အဆောက်အဦများ ပျက်စီးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် အဆောက်အဦများ ကြံ့ခိုင်မှုပိုင်းကို စစ်ဆေးရန်၊ ပျက်စီးသွားသော ပြသထားသည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ ပုံစံတူမင်းခမ်းတော်ပစ္စည်းများ၊ ရုပ်တုများနှင့်ပတ်သက်၍ ရှေးဟောင်းပညာရှင်များနှင့် ပြတိုက်ပညာရှင် များ၏ အကြံပြုချက်များနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။