အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးကျင်းပ




ရန်ကုန် ဇူလိုင်လ- ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အဋ္ဌမအကြိမ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
(၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင်
ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ
မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သေဋ္ဌိလက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေငြာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။
ယင်းနောက် သာသနာရေးရာဆိုင်ရာကိစ္စများ၊ ပညာရေးရာဆိုင်ရာကိစ္စများကို တင်ပြ လျှောက်ထား ခဲ့ရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး
တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)က အတည်ပြုချက်ရယူကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများ အားလုံးက “ဇယန္တော ဗောဓိယာမူလေ” အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ် ခေါ်ဆိုကာ အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဇနီး ဒေါ်တင်တင်ညွန့် မိသားစုက အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။ ဦးကျင်ဦး ဇနီးဒေါ်ချောစုလွင် Popular Group မိသားစုတို့က နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများအား ဆေးနှင့်ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။
မွန်းလွဲ ၁ နာရီအချိန်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင် ဆရာတော်၊ ဒုတိယဥက္ကဋ္ဌဆရာတော်များ၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များ ဆရာတော်ကြီး ၉ ပါးတို့က မြန်မာပြည်သူ ပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ COVID-19 ကပ်ရောဂါဘေး ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရတနသုတ်၊ မေတ္တသုတ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ခဲ့ကြောင်း သတင်းရရှိပါသည်။
သာသနာရေးဦးစီးဌာန