ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာန၏ မဟာဗောဓိစေတီတော်ကြီးတွင်ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဌာန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ကြည်ညို
၆-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာနရှိ မဟာဗောဓိစေတီတော်ကြီးတွင်“အဋ္ဌမအကြိမ်မြောက် အသံမစဲ မဟာပဌာန်းဖွင့်ပွဲအခမ်းအနား” ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက်၊ နေပြည်တော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
အဆိုပါ အသံမစဲ မဟာပဌာန်းဖွင့်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ) ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက်၊ နေပြည်တော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို နာယူကြည်ညိုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဋ္ဌာန်းစာအုပ်၊ ပဋ္ဌာန်းအိုးနှင့် လှူဖွယ်ပစ္စည်းကိုဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။
ထို့နောက် သံဝေဇနိယလေးဌာန(ဖွား၊ပွင့်၊ဟော၊စံ) ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက်၊ နေပြည်တော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာန၏ မဟာဗောဓိစေတီတော်ကြီးတွင် “အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဌာန်းပွဲ”ကို ၆-၁-၂၀၂၁ ရက်နေ့မှ ၁၀-၁-၂၀၂၁ ရက်နေ့အထိ ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သာသနာရေးဦးစီးဌာန



