ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ကြီးတွင် ကျင်းပပြုလုပ်သည့် (၁၂၆) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သွားရောက်ကြည်ညိုခြင်း

၇-၁-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ “(၁၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနား” ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်မနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။       

            အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ကာ ဥပ္ပါတသန္တိစေတီတော်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊  နေပြည်တော်၊ ပျဉ်မနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိမဟာထေရ်မြတ်ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ ရွတ်ဖတ် သရဇ္ဈာယ်တော်မူသည့် ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို  နာယူကြည်ညိုတော်မူကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဋ္ဌာန်းစာအုပ်၊ ပဋ္ဌာန်းအိုးနှင့် လှူဖွယ်ပစ္စည်းကိုဆက်ကပ် လှူဒါန်းပြီး တာဝန်ရှိပုဂ္ဂိုလ်များကလည်း ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပါသည်။

            ထို့နောက် ဥပ္ပါတသန္တိစေတီတော်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်မနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းလောင်း  အမျှပေးဝေကြကာ  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

            ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ကြီးတွင် (၁၂၆) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ၇-၁-၂၀၂၁ ရက်နေ့မှ ၁၁-၁-၂၀၂၁ ရက်နေ့အထိ ပူဇော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန