သံဃဝိနိစ္ဆယအဖွဲ့ တာဝန်ယူခြင်း(ဝိနိစ္ဆယလက်စွဲ)

၉၃။           သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များသည် မိမိတို့အထဲမှ သင့်လျော်ရာတစ်ပါးကို သဘာပတိ အဖြစ် ရွေးချယ်ကြရမည်။

၉၄။           သံဃဝိနိစ္ဆယအဖွဲ့ဝင် သဘာပတိဆရာတော်သည် အမှုစစ်ဆေးသောအခါများ၌ အဖွဲ့သဘာပတိ အဖြစ် ဆောင်ရွက်ရမည်။ ကျန်ဆရာတော်များက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ရမည်။

၉၅။           သဘာပတိဆရာတော်သည် မကျန်းမာခြင်း စသော အကြောင်းတစ်ခုခုကြောင့် တာဝန်ကို ဆက်လက်မဆောင်ရွက်နိုင်သော် သံဃဝိနိစ္ဆယအဖွဲ့ ဝိနည်းဓိုရ်ဆရာတော်များထဲမှ သဘာပတိ ဆရာတော် တစ်ပါးကို များရာဆန္ဒဖြင့် အစားထိုးရွေးချယ်ရမည်။

၉၆။           သဘာပတိဆရာတော် အစားထိုးရွေးချယ်ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ သံဃနာယက အဖွဲ့သို့ အကြောင်းကြားလျှောက်ထား၍ အမှုကို ဆက်လက်စစ်ဆေးဆုံးဖြတ်ရမည်။ အကြောင်းကြား စာမိတ္တူကို သက်ဆိုင်ရာ သာသနာရေးမှူးအား ပေးရမည်။

၉၇။           ဖွဲ့စည်းပြီးသော သံဃဝိနိစ္ဆယအဖွဲ့သည် ဖွဲ့စည်းသည့်နေ့မှ ၁၅ ရက်အတွင်း ဝိနိစ္ဆယကိစ္စ များကို စတင်ဆောင်ရွက်ရမည်။

၉၈။           မြို့နယ်မြေစာရင်းဌာနမှ ထုတ်ဝေသည့် ဦးပိုင်အတ္ထုပ္ပတ္တိဇယား သို့မဟုတ် မြို့နယ်မြေစာရင်း ဦးစီးဌာန အမှုတွဲထိန်းကိုယ်တိုင်လက်မှတ်ရေး၍ မြေစာရင်းဌာန ဦးစီးမှူးက ထပ်ဆင့် လက်မှတ် ရေးထိုးပြီး ရုံးတံဆိပ် ရိုက်နှိပ်ထားသော ဦးပိုင်အမည်အဆင့်ဆင့် ပြောင်းလဲလာပုံ စာတမ်းကိုသာ တရားဝင်မြေစာရင်း ရာဇဝင်အဖြစ် စိစစ်လက်ခံရမည်။

၉၉။           အမှုတွဲ လွှဲပြောင်းရာ၌ မြေပုံ၊ မြေရာဇဝင်၊ စာချုပ်၊ စာတမ်း အထောက်အထား မူရင်းများ ပါရှိနေပါက အဆိုပါ အရေးကြီးသည့် စာရွက်စာတမ်းများ၏ စာရင်းတစ်ခု ပူးတွဲပါရှိစေရမည်။

၁၀၀။        သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်း တစ်ခုခုကို စတင်ဆောင်ရွက်သည့် နေ့မှ ရက်ပေါင်း ၆၀-အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်။

၁၀၁။        သံဃဝိနိစ္ဆယအဖွဲ့သည် ရက်ပေါင်း ၆၀-အတွင်းမပြီးပြတ်ခဲ့သော် ခွင့်ပြုရက်မကုန်မီ အကျိုး အကြောင်း ဖော်ပြလျက် တစ်ကြိမ်လျှင် ရက်ပေါင်း ၆၀-ထက် မကျော်လွန်သော လိုအပ်သည့် ရက်များကို သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ နှစ်ကြိမ်ထက် မပိုစေဘဲ စာဖြင့်တင်ပြ၍ ဆက်လက်ဆောင်ရွက် ရမည်။

၁၀၂။        ခွင့်ပြုရက်ထက်ကျော်လွန်သော သံဃဝိနိစ္ဆယအဖွဲ့၏ ဆောင်ရွက်ချက်အားလုံးကို တရားမဝင် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၁၀၃။        တရားမဝင် ပျက်ပြယ်ပြီးဖြစ်သော ဆောင်ရွက်ချက်၊ စစ်မေးချက် အစစ်ခံ ထွက်ဆိုချက်တို့ကို တရားဝင်ဖြစ်အောင် မဆောင်ရွက်ဘဲ ယူငင်လျက် ဝိနိစ္ဆယအမိန့်ချသည့် မြို့နယ်/ပြည်နယ်/တိုင်းဒေသကြီး/ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ အဆင့်ဆင့်၏ ထိုတရားမဝင်သော သုံးသပ်ဆုံးဖြတ်ချက်ကို အတည်ပြု သည့်၊ သို့မဟုတ် အတည်ပြုရာ ရောက်စေသည့် ဆောင်ရွက်ချက် အားလုံးကိုလည်း တရားမဝင် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၁၀၄။        သဘာပတိဆရာတော်သည် သတ်မှတ်ရက်ထက်ကျော်လွန်သော သံဃဝိနိစ္ဆယအဖွဲ့၏ ရက်လွန်ခြင်း၏ အကြောင်းမှန်ကို ဖော်ပြသော အစီရင်ခံစာကို အမှုတွဲနှင့်တကွ သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ ရက်လွန်သည့်နေ့မှ ၇-ရက်အတွင်း၌ လက်ရောက် အပ်နှံပေးရမည်။

၁၀၅။        သက်ဆိုင်ရာ သံဃနာယကအဖွဲ့သည် သတ်မှတ်ရက်အတွင်း ဝိနိစ္ဆယဆုံးဖြတ်ချက်ချခြင်း/ ရက် တိုးတောင်းခံခြင်း/ အမှုတွဲကို ပြန်လည်ပေးအပ်ခြင်းမပြုသည့် ရက်လွန်သံဃဝိနိစ္ဆယအဖွဲ့၏ တာဝန်ပျက်ကွက်မှုကို လိုအပ်သလို အရေးယူနိုင်ရန် အမှုတွဲကို တောင်းယူရမည်။

၁၀၆။        အမှုတွဲ ပြန်လည်ရရှိပြီးနောက် ၁၅-ရက်အတွင်း၌ ထိုမှုခင်းကို အဆင့်တူ သံဃဝိနိစ္ဆယ အဖွဲ့သစ်ဖြင့် စစ်ဆေးဆုံးဖြတ်စေရေးအတွက် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်ရမည်။

၁၀၇။        စစ်ဆေးဆဲ သံဃဝိနိစ္ဆယအဖွဲ့သည် သတ်မှတ်ရက်အတွင်း ပြီးပြတ်အောင် မဆောင်ရွက် နိုင်၍ နောက်ထပ် သံဃဝိနိစ္ဆယအဖွဲ့သစ်ဖြင့် ဆက်လက်စစ်ဆေးရာ၌ မူလစစ်ဆေးပြီးသော စစ်ဆေးချက် ထွက်ဆိုချက်စသည်များကို တရားဝင်ဖြစ်စေရန်အတွက် ဆက်လက်စစ်ဆေးသော သံဃဝိနိစ္ဆယအဖွဲ့က စောဒက စုဒိတကတို့အား အမှုမစစ်ဆေးမီ မူလစစ်ချက်အတိုင်း ဆက်လက် စစ်ဆေးရန် သဘောတူကြောင်း လက်မှတ်ရေးထိုးစေ၍ တရားဝင်ဖြစ်အောင် ဆောင်ရွက်ရမည်။

၁၀၈။        သံဃဝိနိစ္ဆယအဖွဲ့သစ်သည် အမှုတွဲ လွှဲပြောင်းလက်ခံပြီးနောက် အဖွဲ့အစည်းအဝေးပြုလုပ်၍ သံဃဝိနိစ္ဆယရုံးတည်ရာဌာန သတ်မှတ်ခြင်း၊ သံဃဝိနိစ္ဆယအဖွဲ့ရုံး စတင်ဖွင့်လှစ်မည့် နေ့ရက်၊ အချိန်နာရီ သတ်မှတ်ဆုံးဖြတ်ခြင်းများကို ပြုလုပ်ရမည်။

၁၀၉။        သံဃဝိနိစ္ဆယအဖွဲ့၏ သတ်မှတ်ဆုံးဖြတ်ဆောင်ရွက်ချက်များကို ပုံစံ(ဂ)ပါ သဘာပတိ၏ မှုခင်းမှတ်တမ်းတွင် ရေးမှတ်ထားရမည်။

၁၁၀။        ဝိနိစ္ဆယအဖွဲ့ သဘာပတိဆရာတော်သည် သံဃဝိနိစ္ဆယအဖွဲ့၏ ဆောင်ရွက်မှုမှန်သမျှကို မှုခင်းမှတ်တမ်း၌ ရေးသွင်း၍ ရက်စွဲတပ်ပြီး လက်မှတ်ရေးထိုးထားရမည်။

၁၁၁။        သံဃဝိနိစ္ဆယအဖွဲ့သည် ရုံးစတင်ဖွင့်လှစ်သည့်နေ့တွင် မြို့နယ် သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူး၊ ဆွမ်းကွမ်းဝေယျာဝစ္စအဖွဲ့ (ဥပတ္ထမ္ဘကအဖွဲ့)ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ကို သံဃဝိနိစ္ဆယအဖွဲ့ တည်ရာဌာနသို့ လာရောက်ရန် မေတ္တာရပ်ခံဖိတ်ကြားရမည်။

၁၁၂။         သံဃဝိနိစ္ဆယအဖွဲ့သည် သံဃဝိနိစ္ဆယရုံး စတင်ဖွင့်လှစ်သည့်နေ့တွင် သံဃဝိနိစ္ဆယအဖွဲ့ တည်ရာဌာနသို့ လာရောက်ရန် စောဒက စုဒိတကတို့ကို သတ်မှတ်ထားသော ပုံစံ(၅)ဖြင့် အနည်းဆုံး ၇-ရက် ကြိုတင်၍ ဆင့်ခေါ်ရမည်။

၁၁၃။        သံဃဝိနိစ္ဆယအဖွဲ့သည် မိမိတို့ဝိနိစ္ဆယကိစ္စ စတင်ဆောင်ရွက်မည့်အကြောင်းကို သက်ဆိုင်ရာ မြို့နယ်၊ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးသို့ တရားဝင် အကြောင်းကြားရမည်။

၁၁၄။        သံဃဝိနိစ္ဆယအဖွဲ့၏ အကြောင်းကြားစာကို လက်ခံရရှိသော သာသနာရေးမှူးသည် သင့်လျော်သော ဝိနိစ္ဆယဌာနကို စီစဉ်ပေး၍ အခြားလိုအပ်သော အကူအညီများကိုလည်း ဆောင်ရွက် ပေးရမည်။

 

သံဃဝိနိစ္ဆယအဖွဲ့ရုံး ဖွင့်လှစ်ခြင်း(ဝိနိစ္ဆယလက်စွဲ)

၁၁၅။    သံဃဝိနိစ္ဆယရုံး ဖွင့်လှစ်သည့်နေ့တွင် ဖိတ်ကြားထားသူများ တက်ရောက်ခြင်း ရှိ-မရှိ, စောဒက၊ စုဒိတကများ တက်ရောက်ခြင်း ရှိ-မရှိ မှုခင်းမှတ်တမ်းတွင် ရေးမှတ်၍ သဘာပတိဆရာတော်က လက်မှတ်ရေးထိုးရမည်။

၁၁၆။        သံဃဝိနိစ္ဆယအဖွဲ့ရုံး ဖွင့်လှစ်စစ်ဆေးသည့်အခါ စောဒကကို ဝိနည်းဓိုရ်ဆရာတော်များနှင့် မျက်နှာခြင်းဆိုင်ပြု၍ ဝိနည်းဓိုရ်ဆရာတော်များ၏ လက်ယာဘက်တွင် နေရာချထားမည်။ စုဒိတကကို ဝိနည်းဓိုရ်ဆရာတော်များ၏ လက်ဝဲဘက်တွင် နေရာချထားရမည်။

Previous Page     Next Page