၁၁၇။ သံဃဝိနိစ္ဆယအဖွဲ့ရုံး ဖွင့်လှစ်ပွဲတွင် ရှေးဦးစွာ သဘာပတိဆရာတော်က သြဝါဒကထာ မြွက်ကြားခြင်း၊ သက်ဆိုင်ရာ သာသနာရေးမှူးက သာသနာရေးရာ လျှောက်ထားခြင်းများ အစီအစဉ် ပြုလုပ်ဖွင့်လှစ်ရမည်။
၁၁၈။ သဘာပတိဆရာတော်က စောဒက စုဒိတကတို့အား သံဃဝိနိစ္ဆယအဖွဲ့နှင့် သံဃဝိနိစ္ဆယ အဖွဲ့ဝင် ဆရာတော်များကို ကန့်ကွက်ရန် ရှိ-မရှိ မေးမြန်းရမည်။
၁၁၉။ စောဒက စုဒိတကသည် သံဃဝိနိစ္ဆယအဖွဲ့ တစ်ဖွဲ့လုံးကိုသော်လည်းကောင်း အဖွဲ့ဝင် ဆရာတော်တစ်ပါး၊ သို့မဟုတ် အများကိုသော်လည်းကောင်း ကန့်ကွက်ရန်ရှိသော အချက်များကို အကြောင်းပြ၍ ကန့်ကွက်နိုင်သည်။
၁၂၀။ စောဒက/စုဒိတကများက နှုတ်ဖြင့် ကန့်ကွက်ပါလျှင် သဘာပတိဆရာတော်က သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ စာဖြင့် ရေးသား၍ ကန့်ကွက်ရန် ညွှန်ကြားရမည်။ မှုခင်းမှတ်တမ်းတွင် စောဒက/စုဒိတက ကန့်ကွက်ကြောင်း မှတ်တမ်းတင်ထားရမည်။
၁၂၁။ သံဃဝိနိစ္ဆယအဖွဲ့သည် စောဒက စုဒိတကတို့ သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ တင်သွင်း သော ကန့်ကွက်လွှာမိတ္တူကို လက်ခံပြီးနောက် အမှုစစ်ဆေးခြင်း ရပ်စဲကြောင်း သဘာပတိက ကြေညာ၍ မှုခင်းမှတ်တမ်းတွင် ရေးသွင်းထားရမည်၊ ကန့်ကွက်လွှာ မိတ္တူကို အမှုတွဲတွင် တွဲထားရမည်။
၁၂၂။ ကန့်ကွက်ခြင်းမရှိပါလျှင် သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များက စောဒနာလွှာနှင့် သောဓနာလွှာတို့ကို စိစစ်အတည်ပြုချက်ရယူရမည်။ စုဒိတကဘက်မှ သောဓနာလွှာမတင်ရသေးပါက သောဓနာလွှာ တင်သွင်းရန် ၇-ရက်ထက် မများသောရက်ကို ကန့်သတ်ခွင့်ပြုနိုင်သည်။
၁၂၃။ သံဃဝိနိစ္ဆယအဖွဲ့သည် အမှုမစစ်ဆေးမီ စောဒက/စုဒိတကတို့အား သက်သေစာရင်းများ ဖြည့်စွက်/နုတ်ပယ်ပြင်ဆင်လိုမှု ရှိ-မရှိ မေးမြန်း၍ မရှိပါက မရှိကြောင်း မှုခင်းမှတ်တမ်းတွင် ရေးမှတ် ရမည်။
၁၂၄။ သက်သေစာရင်းများ ဖြည့်စွက်/နုတ်ပယ်ပြင်ဆင်လိုပါက စာဖြင့်ထည့်သွင်းလျှောက်ထား စေ၍ ပြင်ဆင်/ဖြည့်စွက်/နုတ်ပယ်သော သက်သေစာရင်းကို အမှုတွဲတွင် တွဲထားခြင်း၊ မှုခင်းမှတ်တမ်းတွင် ရေးမှတ်ခြင်းပြု၍ အမှုစစ်မည့်နေ့ကို ချိန်းဆိုရမည်။
၁၂၅။ သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များအား ကန့်ကွက်သော စောဒက/စုဒိတကသည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အပိုဒ်(၂၈)ရှိ ဖော်ပြလတ္တံ့ပါ အချက်(၃)ချက်ကို ဂရုပြု၍ အထောက်အထား ခိုင်လုံစွာဖြင့် ကန့်ကွက်ရမည်-
(က) ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း အပိုဒ်(၁၇)ပါ အရည်အချင်း ပျက်ယွင်းမှုရှိခြင်း၊
(ခ) စောဒက/စုဒိတကနှင့် ပဗ္ဗဇ္ဇာစရိယ၊ ဥပသမ္ပဒါစရိယ၊ နိဿယာစရိယ၊ ဥပဇ္ဈာစရိယ၊ ပဗ္ဗဇ္ဇန္တေဝါသိက၊ ဥပသမ္ပဒန္တေဝါသိက၊ နိဿယန္တေဝါသိက၊ သဒ္ဓိဝိဟာရိက၊ သမာနုပဇ္ဈာယကအဖြစ် ရင်းနှီးဆက်စပ်မှုရှိခြင်း၊
(ဂ) စောဒက/စုဒိတကနှင့် ဆွေမျိုးတော်စပ်ခြင်း။
၁၂၆။ သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း အပိုဒ်(၂၈)အရ တင်ပြ ကန့်ကွက်လွှာ ကို လက်ခံ၍ အထောက်အထားခိုင်လုံမှု၊ ရှိ-မရှိကို စိစစ်ရမည်။ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းအပိုဒ် အပိုဒ်(၂၈)အရ မဟုတ်သည့် တင်ပြကန့်ကွက်လွှာကို လက်ခံစိစစ်ခြင်း မပြုဘဲ ပယ်ချရမည်။
၁၂၇။ သံဃနာယကအဖွဲ့သည် ကန့်ကွက်လွှာကို လက်ခံစိစစ်ရာ၌ အထောက်အထား ခိုင်လုံမှု မရှိကြောင်း တွေ့ရှိရပါက ကန့်ကွက်လွှာကို ပယ်ချ၍ အမှုစစ်ဆေးခြင်းကို ဆက်လက် ဆောင်ရွက်ရန် သံဃဝိနိစ္ဆယအဖွဲ့သို့ အကြောင်းကြားရမည်။
၁၂၈။ သံဃနာယကအဖွဲ့သည် ကန့်ကွက်လွှာကို လက်ခံစိစစ်ရာ၌ အထောက်အထား ခိုင်လုံစွာရှိ၍ အပြစ်ရှိကြောင်း တွေ့ရှိရပါက သံဃဝိနိစ္ဆယအဖွဲ့ဝင် တစ်ပါးပါးကိုသော်လည်းကောင်း၊ သံဃဝိနိစ္ဆယ တစ်ဖွဲ့လုံးကိုသော်လည်းကောင်း တာဝန်မှရုပ်သိမ်း၍ အမှတ်စဉ်အတိုင်း အစားထိုးခန့်အပ်ခြင်း/ ပြန်လည်ဖွဲ့စည်းခြင်းကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။
၁၂၉။ စောဒက/စုဒိတကတို့၏ တင်ပြကန့်ကွက်ချက်သည် အထောက်အထား မခိုင်လုံ၍ သံဃနာယက အဖွဲ့၏ ပယ်ချခြင်းကိုခံရလျှင် ကန့်ကွက်သူသည် ကန့်ကွက်ခံရသော ဝိနည်းဓိုရ်ဆရာတော်/ သံဃဝိနိစ္ဆယ အဖွဲ့အား သက်ဆိုင်ရာ သံဃနာယကအဖွဲ့၏ ရှေ့မှောက်၌ မိမိမှားယွင်းမိပါကြောင်း နှုတ်ဖြင့် လည်းကောင်း၊ စာဖြင့်လည်းကောင်း တောင်းပန်ဝန်ခံရမည်။
၁၃၀။ ဝန်ချတောင်းပန်လွှာကို အမှုတွဲတွင်တွဲ၍ မှုခင်းမှတ်တမ်းတွင် ရေးမှတ်ထားရမည်။
၁၃၁။ ဝန်ချတောင်းပန်ခြင်းမပြုသော ကန့်ကွက်သူ စောဒက၊ စုဒိတကအား သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အစီရင်ခံ ရမည်။
၁၃၂။ ဝိနိစ္ဆယအဖွဲ့ရုံးတည်ရှိရာ မြို့/တည်ရှိရာ ဒေသ၌ နေထိုင်သော စောဒက၊ စုဒိတကတို့ကို ဆင့်ခေါ်ပင့်လျှောက်ရာ၌ ဆင့်ခေါ်စာရရှိကြောင်း စာပေးစာယူစာအုပ်၌ လက်မှတ်ရေးထိုးပြီး ယူစေရမည်။
၁၃၃။ စောဒက/စုဒိတကတို့၏ ကိုယ်စား တစ်စုံတစ်ဦးက ဆင့်ခေါ်စာကို လက်ခံ၍ လက်မှတ် ရေးထိုးယူလျှင် လက်ခံယူသူ၏ အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်တို့ကို ရေးမှတ်ရမည့်အပြင် စောဒက/စုဒိတကနှင့် မည်သို့ ရင်းနှီးတော်စပ်သည်ကိုပါ မေးမြန်း၍ ရေးမှတ်ထားရမည်။
၁၃၄။ သက်သေများကို ဆင့်ခေါ်ပင့်လျှောက်ရာ၌ သက်ဆိုင်ရာ စောဒက၊ စုဒိတကတို့အား တာဝန် ပေး၍ ဆင့်ခေါ်ပင့်လျှောက်စေနိုင်သည်။
၁၃၅။ သံဃဝိနိစ္ဆယအဖွဲ့သည် နှစ်ဘက်အမှုသည်များနှင့် ယင်းတို့၏ သက်သေများကို ခေါ်ယူရာ၌ အခက်အခဲရှိပါက သက်ဆိုင်ရာ သာသနာရေးမှူးအား လိုအပ်သလို ကူညီဆောင်ရွက်ပေးရန် အကြောင်း ကြားရမည်။
၁၃၆။ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကို စစ်ဆေးဆုံးဖြတ်ရန်အလို့ငှာ သက်ဆိုင်ရာ သံဃနာယက အဖွဲ့မှတစ်ဆင့် သက်ဆိုင်ရာ သာသနာရေးမှူးအား ကူညီဆောင်ရွက်ပေးရန် အကြောင်းကြားရမည်။
၁၃၇။ သက်ဆိုင်ရာ သာသနာရေးမှူးသည် ၇-ရက်ခြား (၃)ကြိမ် ပင့်လျှောက်ဆင့်ခေါ်ရမည်။
၁၃၈။ သာသနာရေးမှူးက ၃-ကြိမ်ပင့်လျှောက်/ ဆင့်ခေါ်ပါလျက် မလာမရောက် ပျက်ကွက်သော စောဒက/စုဒိတကတို့၏ မျက်ကွယ်၌ပင်ဖြစ်စေကာမူ ယင်းတို့၏ မျက်မှောက်၌ စစ်ဆေးဆုံးဖြတ် သကဲ့သို့ ဆက်လက်စစ်ဆေးဆုံးဖြတ်နိုင်သည်။
၁၃၉။ သံဃဝိနိစ္ဆယအဖွဲ့ သဘာပတိဆရာတော်သည် အမှုစတင်မစစ်ဆေးမီ ဝိနည်းဓမ္မကံ လုပ်ထုံး လုပ်နည်းများအပိုဒ်(၃၅)ပါ စောဒက/စုဒိတကတို့၏ အခွင့်အရေးများကို အမှုသည်တို့အား ရှင်းလင်း ပြောကြားရမည်။
၁၄၀။ သဘာပတိဆရာတော်သည် ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများအပိုဒ်(၃၅၊၃၆)ပါ ရှောင်ကြဉ် ရမည့်အချက်များ လိုက်နာရမည့်အချက်များကို အမှုသည်တို့အား ရှင်းလင်းပြောကြားရမည်။
၁၄၁။ သဘာပတိဆရာတော်သည် ဤလက်စွဲအပိုဒ်(၁၄၀)(၁၄၁)တို့အရ ရှင်းလင်းပြောကြားသော အခွင့်အရေးများကို အမှုသည်တို့ ရရှိကြအောင် တာဝန်ခံ ဆောင်ရွက်ပေးရမည်။
၁၄၂။ စောဒက/စုဒိတကတို့သည် မိမိတို့တင်ပြသော သက်သေများ/သက်သေထွက်ချက်များ ဆုံးရှုံးနစ်နာမှု မရှိစေရန်အတွက် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း(၄၁)အရ သဘာပတိဆရာတော်၏ ရှင်းလင်းပြောကြားချက်ကို ဂရုပြု၍ မိမိတို့၏သက်သေများကို မိမိတို့ကိုယ်တိုင် တာဝန်ယူရမည်။
၁၄၃။ သံဃဝိနိစ္ဆယအဖွဲ့သည် အမှုစစ်ဆေးခြင်းမပြုမီ စောဒကအား မိမိ၏စောဒနာလွှာကို ပြန်လည်ရုပ်သိမ်းလိုခြင်း ရှိ-မရှိ မေးမြန်းရမည်။
၁၄၄။ ဝိနည်းဓမ္မကံအဓိကရုဏ်း မူလမှုခင်း၌ အမှုစတင်မစစ်ဆေးမီဖြစ်စေ၊ စစ်ဆေးနေဆဲဖြစ်စေ စောဒကပုဂ္ဂိုလ်က မိမိ၏ စောဒနာလွှာကို ပြန်လည်ရုပ်သိမ်းလိုကြောင်း စာဖြင့်လျှောက်ထားလျှင် လူတရားရုံး၌လည်းကောင်း၊ သံဃနာယကအဖွဲ့၌လည်းကောင်း ယခုစွဲဆိုချက် အကြောင်းခြင်းရာ များနှင့် ပတ်သက်၍ နောင်အခါတွင် စွဲဆိုခြင်းမပြုတော့ပါဟု ဝန်ခံကတိပြုစာကို လက်မှတ်ရေးထိုး စေပြီး ရုပ်သိမ်းခွင့်ပြု၍ အမှုပိတ်ကြောင်း ဝိနိစ္ဆယဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။
၁၄၅။ သံဃဝိနိစ္ဆယအဖွဲ့သည် အနုဝါဒါဓိကရုဏ်းမှုခင်းတစ်ခု၌ စောဒက၏ စွဲဆိုချက်ကို စုဒိတက ဝန်ခံလျှင် ယင်းဝန်ခံချက် အပြည့်အစုံကို ရေးမှတ်၍ လက်မှတ်ရေးထိုးစေပြီး ဝိနည်းတရားတော်နှင့် အညီ ဆုံးဖြတ်နိုင်သည်၊ နှစ်ဘက်သက်သေများကို စစ်ဆေးကြားနာရန်မလို။
၁၄၆။ ပစ္စည်းပိုင်ဆိုင်ခွင့် အငြင်းပွားသည့် ဝိဝါဒါဓိကရုဏ်းမှုခင်း၌ စောဒကနှင့် စုဒိတကတို့ကို စေ့စပ်ညှိနှိုင်းပေးသင့်သည်ဟု ယူဆပါလျှင် သံဃဝိနိစ္ဆယအဖွဲ့သည် အမှုမစစ်ဆေးမီ အများဆုံး (၃)ကြိမ်အထိ စေ့စပ်ညှိနှိုင်းပေးနိုင်သည်။ ယင်းညှိနှိုင်းကာလသည် ကန့်သတ်ရက်(၆၀)အတွင်း အကျုံးဝင်ခြင်း မရှိစေရ။
၁၄၇။ သံဃဝိနိစ္ဆယအဖွဲ့၏ စေ့စပ်ညှိနှိုင်းပေးချက်ကို သဘောတူညီချက်ရရှိပါက ယင်းသဘော တူညီချက်ကို စောဒက၊ စုဒိတကတို့ကို ဝန်ခံလက်မှတ်ရေးထိုးစေပြီး ယင်းသဘောတူညီချက်ကိုပင် ဝိနိစ္ဆယဆုံးဖြတ်ချက်အဖြစ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်သည်။
၁၄၈။ သံဃနာယကအဖွဲ့ ရှေ့မှောက်တွင် စေ့စပ်ညှိနှိုင်းရရှိချက်သည် စောဒက၊ စုဒိတကတို့က ဝန်ခံလက်မှတ်ရေးထိုးပါသော်လည်း သံဃဝိနိစ္ဆယဆုံးဖြတ်ချက် မဟုတ်သဖြင့် ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ အကျိုးသက်ရောက်မှု မရှိနိုင်သဖြင့် သံဃနာယကအဖွဲ့သည် မိမိတို့ရှေ့မှောက်တွင် စေ့စပ်ညှိနှိုင်းရရှိသော သဘောတူဝန်ခံ ကတိပြုချက်ကို အကျိုးသက်ရောက်မှု ရှိစေရန်အတွက် သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးရမည်။
၁၄၉။ သံဃဝိနိစ္ဆယအဖွဲ့သည် သံဃနာယကအဖွဲ့ ရှေ့မှောက်တွင် စေ့စပ်ညှိနှိုင်းရရှိသော သဘောတူ ဝန်ခံကတိပြုချက်ကို အခြေခံထား၍ မိမိအဖွဲ့၏ ရှေ့မှောက်တွင် ထပ်မံ၍ သဘောတူဝန်ခံကတိပြု လက်မှတ်ရေးထိုးစေ၍ ယင်းသဘောတူညီချက်အတိုင်း ဆုံးဖြတ်ချက်ချမှတ်နိုင်သည်။
၁၅၀။ သံဃဝိနိစ္ဆယအဖွဲ့သည် စေ့စပ်ညှိနှိုင်း သဘောတူညီချက်ကို ဝိနိစ္ဆယဆုံးဖြတ်ချက် ချမှတ်ရာ၌ ဖော်ပြလတ္တံ့ပါအချက်များကို သတိပြုရမည်-
(က) စောဒကအများ/စုဒိတကအများ ဖြစ်ပါက စောဒက၊ စုဒိတကအားလုံး လက်မှတ် ရေးထိုးရမည်။
(ခ) စောဒကအများ/စုဒိတကအများပင် ဖြစ်စေကာမူ ဦးဆောင်စောဒက/ဦးဆောင် စုဒိတက၏ ဆောင်ရွက်ချက်ကို သဘောတူကြောင်း၊ ကျန်စောဒက/စုဒိတကတို့က လက်မှတ်ရေးထိုး လွှဲအပ်ထားခြင်းဖြစ်ပါက ဦးဆောင်စောဒက/ဦးဆောင်စုဒိတက တို့၏ သဘောတူညီချက်ကို လက်ခံဆုံးဖြတ်နိုင်သည်။
၁၅၁။ စေ့စပ်ညှိနှိုင်းပေးသော သံဃဝိနိစ္ဆယအဖွဲ့သည် စေ့စပ်ညှိနှိုင်းရာတွင် တစ်ဘက်နှင့်တစ်ဘက် အလျော့အတင်း ပြုလုပ်ချက်များကို သို့မဟုတ် လိုက်လျောချက်များကို အမှုတွင် ထည့်သွင်းသုံးသပ်ခြင်း၊ ဆုံးဖြတ်ခြင်းမပြုရ၊ ယင်းသို့ ထည့်သွင်းသုံးသပ်ခြင်း၊ ဆုံးဖြတ်ခြင်းများကို ပြုမည်မဟုတ်ကြောင်းကို (စေ့စပ်ညှိနှိုင်းမှု အောင်မြင်စေရန်အလို့ငှာ) စောဒက၊ စုဒိတကတို့အား ကြိုတင်ပြောကြားထားရမည်။
၁၅၂။ ရဟန်း/သာမဏေ စောဒက/စုဒိတကသည် သံဃဝိနိစ္ဆယဌာနသို့ ကိုယ်တိုင်လာရောက်နိုင်ရန် မစွမ်းနိုင်အောင် နာမကျန်းဖြစ်နေလျှင် မိမိနှင့်ရင်းနှီးဆက်စပ်သည့် ဂိုဏ်းတူ ရဟန်း/သာမဏေ တစ်ပါးပါးကိုသာ ကိုယ်စားလှယ်အဖြစ် လွှဲအပ်ဆောင်ရွက်စေခွင့်ရှိသည်။
၁၅၃။ စစ်ဆေးနေဆဲ သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းပေးသော သံဃနာယကအဖွဲ့ဝင် ဆရာတော်ကို သော်လည်းကောင်း၊ နိုင်ငံတော်အဆင့် ဆရာတော်များကိုသော်လည်းကောင်း၊ ရဟန်းသာမဏေ မဟုတ်သူကိုသော်လည်းကောင်း ကိုယ်စားလှယ်အဖြစ် လွှဲအပ်ဆောင်ရွက်ခွင့် မရှိစေရ။
၁၅၄။ ရဟန်း/သာမဏေ မဟုတ်သော စောဒက/စုဒိတကသည် သံဃဝိနိစ္ဆယဌာနသို့ ကိုယ်တိုင်လာ ရောက်ရန် မစွမ်းဆောင်နိုင်အောင် နာမကျန်းဖြစ်နေလျှင် မှတ်ပုံတင်စာချုပ်အရ တရားဝင်ကိတ္တိမ သားသမီးအပါအဝင် နှစ်ဝမ်းကွဲအထိ ဆွေမျိုးတော်စပ်သော ရဟန်း/သာမဏေ မဟုတ်သူ တစ်ဦးဦးကို ကိုယ်စားလှယ်လွှဲအပ် ဆောင်ရွက်စေခွင့်ရှိသည်။
၁၅၅။ စောဒက/စုဒိတကသည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း အပိုဒ် ၃၇(ဃ)(င)တို့အရ ကိုယ်စားလှယ်စေလွှတ်ခွင့်ရှိသော်လည်း စောဒက/စုဒိတကကို စစ်ဆေးရာ၌မူ ကိုယ်တိုင်သာလျှင် စစ်ဆေးခံရမည်။
၁၅၆။ စောဒက/စုဒိတကတို့သည် ကိုယ်တိုင်မလာဘဲ ကိုယ်စားလှယ်လွှဲအပ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေးဆရာဝန်၏ သံဃဝိနိစ္ဆယအဖွဲ့သို့ ကိုယ်တိုင်မလာရောက်နိုင်ကြောင်း ဆေးစာပါရှိမှသာ ကိုယ်စားလှယ်လွှဲစာကို လက်ခံရမည်။ ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများ ကိုလည်း ရှင်းလင်းပြောကြားရမည်။
၁၅၇။ စောဒက/စုဒိတကနှင့် ယင်းတို့၏ သက်သေတစ်ဦးဦးသည် သံဃဝိနိစ္ဆယဌာနသို့ လာရောက် အစစ်မခံနိုင်လောက်အောင် နာမကျန်း/အိုမင်းမစွမ်းရှိခဲ့သော် ယင်းတို့ထံ အနည်းဆုံး ဝိနည်းဓိုရ် ဆရာတော်(၂)ပါးက ကိုယ်တိုင်ကြွရောက် စစ်ဆေးနိုင်သည်။
၁၅၈။ အခြားမြို့နယ်မှ မှုခင်းဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် မြို့နယ်သာသနာရေးမှူးသို့ ယင်းတို့ဒေသရှိ သင့်လျော်ရာ ဝိနည်းဓိုရ်ဆရာတော်များအား စစ်ဆေး ပေးရန် အကြောင်းအရာ အပြည့်အစုံပါရှိသော မေတ္တာရပ်ခံစာပေးပို့၍ စစ်ဆေးချက်အားလုံးကို မိမိတို့၏ ဝိနိစ္ဆယဌာနသို့ ပြန်လည်ပေးပို့စေနိုင်သည်။
၁၅၉။ ဝိနိစ္ဆယအဖွဲ့သည် အငြင်းပွားအဆောက်အအုံ ပစ္စည်းများကို လေ့လာခြင်း၊ အခင်းဖြစ် နေရာဒေသများကို လေ့လာခြင်းမျိုးမှတစ်ပါး ကွင်းဆင်းစုံစမ်း လေ့လာခြင်း စသည်များကို ရှောင်ရှားရမည်။ အကယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဖွယ်ရှိပါက စောဒက၊ စုဒိတကတို့နှင့် သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်များ၏ ရှေ့မှောက်၌သာ ပြုလုပ်ဆောင်ရွက်ရမည်။
၁၆၀။ သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များသည် အဖွဲ့သဘာပတိဆရာတော်၏ ချိန်းဆိုသည့် နေ့ရက်တွင် ပျက်ကွက်မှုမရှိစေရန် အထူးဂရုပြုကြရမည်။ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့တွင်မူ မပျက်မကွက် ကြွရောက်ကြရမည်။
၁၆၁။ ဝိနည်းဓိုရ်ဆရာတော်တစ်ပါးပါးသည် မိမိအားပေးအပ်သော တာဝန်ကို မထမ်းဆောင်နိုင် သော်လည်းကောင်း၊ မိမိ၌ ဝိနည်းဓိုရ်အင်္ဂါချို့ယွင်းခြင်းရှိသော်လည်းကောင်း သက်ဆိုင်ရာ သံဃနာယက အဖွဲ့သို့ အကြောင်းကြားရမည်။ မိတ္တူကို သက်ဆိုင်ရာဝိနိစ္ဆယအဖွဲ့သို့ ပေးရမည်။
၁၆၂။ ဝိနည်းဓိုရ်ဆရာတော်သည် မိမိအား ပေးအပ်ထားသောတာဝန်ကို အခြားမည်သူကိုမျှ လွှဲပြောင်း ဆောင်ရွက်စေခြင်းမပြုရ။
၁၆၃။ ဝိနည်းဓိုရ်ဆရာတော်များသည် အချင်းချင်း လေးစားကြ၍ ဓမ္မဝိနယကိုသာ ရှေ့တန်းတင်ပြီး အကျေအလည် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရမည်။
၁၆၄။ ဝိနည်းဓိုရ်ဆရာတော်များသည် ဝိနိစ္ဆယကိစ္စနှင့်ပတ်သက်၍ သဘောထား မညီမျှခဲ့သော် အဖွဲ့ဝင်အများစု၏ ယူဆချက်ကို အနည်းစုက လေးစားလိုက်လျောခြင်းဖြင့်လည်းကောင်း၊ အများစု၏ တင်ပြချက်ကို သံသယကင်းရှင်းသည်အထိ ပြန်လည်စစ်ဆေးမှု ဝေဖန်သုံးသပ်မှု စသည်ဖြင့် လည်းကောင်း ပြေလည်မှုရရှိအောင် ညှိနှိုင်းဆောင်ရွက်ကြရမည်။
၁၆၅။ ဝိနည်းဓိုရ်ဆရာတော်များသည် အကျေအလည် ညှိနှိုင်းပါလျက် မည်သို့မျှ ညှိနှိုင်းမရနိုင် လောက်အောင် သဘောထားကွဲပြားခြားနားနေပါက အဖွဲ့ဝင်အများစုသဘောဆန္ဒအရသာ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်ရေး၍ ဝိနည်းဓိုရ်ဆရာတော်များအားလုံး လက်မှတ်ရေးထိုးပြီး ဝိနိစ္ဆယဆုံးဖြတ်ချက် ချမှတ်ရမည်။ အရန်ဝိနည်းဓိုရ် ဆရာတော်များအား ထည့်သွင်း လက်မှတ်ရေးထိုးစေခြင်း မပြုရ။
၁၆၆။ အများစုသဘောအရ ဆုံးဖြတ်သော ဆုံးဖြတ်ချက်ကို ကျေနပ်နှစ်သက်မှုမရှိသော အဖွဲ့ဝင် ဝိနည်းဓိုရ်ဆရာတော်သည် ယင်းဆုံးဖြတ်ချက်အပေါ်၌သာလျှင် ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ဖော်ပြ၍ လက်မှတ်ရေးထိုးရမည်။
၁၆၇။ အများစုသဘောအရ ဆုံးဖြတ်ချက်ကို ကျေနပ်နှစ်သက်မှုမရှိသော ဝိနည်းဓိုရ်ဆရာတော်သည် သီးခြားအားဖြင့် သုံးသပ်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း၊ ဝိနိစ္ဆယဌာနသို့ မလာမရောက်ဘဲနေခြင်းများကို လုံးဝရှောင်ရှားရမည်။
၁၆၈။ ဝိနိစ္ဆယအဖွဲ့သည် မူလစောဒနာလွှာ၊ သောဓနာလွှာတို့၌ ဖော်ပြတောင်းခံထားသည့် ရယူ လိုသောအဆုံးအဖြတ်တွင် အငြင်းပွားဝတ္ထု၌ မပါဝင်သည့် ပစ္စည်းဘဏ္ဍာနှင့်ပုဂ္ဂိုလ်ကို ထည့်သွင်း ဆုံးဖြတ်ခြင်း မပြုရ။
၁၆၉။ သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များသည် မိမိတို့ လိုက်နာဆောင်ရွက်ရမည့်အချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဝိနည်းဓိုရ်အဖြစ်မှလည်းကောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ အရွေးအချယ်ခံပိုင်ခွင့်မှလည်းကောင်း ရပ်စဲသည်အထိ အရေးယူခြင်းခံရမည်။
၁၇၀။ သံဃဝိနိစ္ဆယအဖွဲ့သည် စောဒက/စုဒိတကနှင့် ယင်းတို့တင်ပြသော နှစ်ဖက်သက်သေများ ကို စုံလင်စွာ ကြားနာစစ်ဆေးပြီးနောက် စောဒက၏ နောက်ဆုံးစောဒနာလွှာ(၂)စောင်ကို ၅-ရက် အတွင်း တင်သွင်းစေ၍ မိတ္တူ(၁)စောင်ကို စုဒိတကအား ပေးရမည်။ စုဒိတက၏ သောဓနာလွှာ (၂)စောင်ကို နောက်ဆုံးစောဒနာလွာရသည့်နေ့မှစ၍ ၅-ရက်အတွင်း တင်သွင်းစေ၍ မိတ္တူ(၁)စောင်ကို စောဒကအား ပေးရမည်။
၁၇၁။ သက်ဆိုင်ရာ သံဃနာယကဆရာတော်များသည် အမှုတွဲလွှဲပြောင်းအပ်နှံပြီးနောက် ဝိနိစ္ဆယ ဆုံးဖြတ်ချက် မချမှတ်နိုင်မီကာလအတွင်း မိမိတို့ဖွဲ့စည်းပေးလိုက်သော သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာ တော်များနှင့် တွေ့ဆုံပြီး အမှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ညွှန်ကြားခြင်း၊ တရားခွင်သို့ ကြွရောက် ခြင်း မပြုရ။
၁၇၂။ သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ သံဃနာယကအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန် ကိစ္စများကို စာဖြင့် ရေးသားတင်ပြဆက်သွယ်ရမည်။
၁၇၃။ သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းဓိုရ်ဆရာတော်များ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ် လျော့နည်းသွားသောအခါ အရန်ဝိနည်းဓိုရ်ဖြင့် ဖြည့်စွက်စစ်ဆေးရမည်။ ယင်းသို့ ဖြည့်စွက် ဆောင်ရွက်ကြောင်းကို သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ အကြောင်းကြားလျှောက်ထားရမည်။
၁၇၄။ အရန်ဝိနည်းဓိုရ်ဖြင့် အစားထိုးဆောင်ရွက်ရန် မလုံလောက်ပါက အခြေအနေကို သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ လျှောက်ထားရမည်။ သက်ဆိုင်ရာသံဃနာယကအဖွဲ့သည် အမှတ်စဉ်ကျရာ ဝိနည်းဓိုရ်များဖြင့် အစားထိုးဖွဲ့စည်းပေးရမည်။
၁၇၅။ ယင်းသို့ အစားထိုးဖွဲ့စည်းသော သံဃဝိနိစ္ဆယအဖွဲ့၏ အဖွဲ့အမှတ်ကို မူလဝိနိစ္ဆယအဖွဲ့၏ အမှတ်အတိုင်း သတ်မှတ်ပေးရမည်။
၁၇၆။ သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း မကျွမ်းကျင်၍ မေးမြန်း လိုသော် လည်းကောင်း၊ လိုအပ်သော အထောက်အပံ့အကူအညီရယူလိုသော်လည်းကောင်း သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ စာဖြင့်သာ ဆက်သွယ်ဆောင်ရွက်ရမည်။
၁၇၇။ သံဃဝိနိစ္ဆယအဖွဲ့ အနုဝိဇ္ဇကဆရာတော်သည် စောဒကနှင့် စောဒကပြသက်သေ၊ စုဒိတက နှင့် စုဒိတကပြသက်သေများကို အစဉ်အတိုင်း စစ်ဆေးရမည်။
၁၇၈။ သံဃဝိနိစ္ဆယအဖွဲ့၌ အမှုနှင့်စပ်ဆိုင်သော ထွက်ဆိုချက်များကို အပြည့်အစုံ ရေးမှတ်ရမည်။ အစစ်ခံထွက်ဆိုချက် မှတ်တမ်းရေးသူလိုက်လံရေးမှတ်နိုင်စေရန်အတွက် ဖြည်းဖြည်းမှန်မှန် စစ်ဆေး ရမည်။ မှတ်တမ်းတင်ရာတွင် သဘာပတိမေး၊ စောဒကမေး၊ စုဒိတကမေး စသည်ဖြင့် ခွဲခြား မှတ်တမ်းတင်ရမည်။
၁၇၉။ ထွက်ဆိုချက် မှတ်တမ်းရေးသူ (လက်နှိပ်စက်ရိုက်သူ)သည် ထွက်ဆိုချက်ကို မီအောင် ရေးမှတ်နိုင်ခြင်း မရှိပါက အသံဖမ်းကြိုးခွေ(ကတ်ဆက်ခွေ)ကို အသုံးပြု၍ မှတ်တမ်းပြုစုခွင့်ရှိသည်။
၁၈၀။ စောဒကသည် စုဒိတကကိုလည်းကောင်း၊ နှစ်ဘက်သက်သေနှင့် ရုံးခေါ် သက်သေကို လည်းကောင်း သဘာပတိဆရာတော်မှ တစ်ဆင့် မေးမြန်းခွင့်ရှိသည်။
၁၈၁။ စုဒိတကသည် စောဒကကိုလည်းကောင်း၊ နှစ်ဘက်သက်သေနှင့် ရုံးခေါ် သက်သေကိုလည်းကောင်း သဘာပတိ ဆရာတော်မှ တစ်ဆင့်မေးမြန်းခွင့်ရှိသည်။
၁၈၂။ သံဃဝိနိစ္ဆယအဖွဲ့သည် အမှုနှင့်စပ်ဆိုင်ရာကိုသာ အစီအစဉ်စနစ်တကျ ထွက်ဆိုတတ်သော စောဒက၊ စုဒိတကနှင့် သက်သေများကို သဘာပတိ၏ ခွင့်ပြုချက်ဖြင့် လွတ်လပ်စွာ ထွက်ဆိုစေ၍ မှတ်တမ်းရေးသူအား ရေးမှတ်စေရမည်။
၁၈၃။ စောဒက၊ စုဒိတကတို့သည် မိမိတို့၏ စောဒနာလွှာ၊ သောဓနာလွှာတွင် ရေးသားဖော်ပြပြီး သော အချက်ကို ထပ်မံတင်ပြထွက်ဆိုရန်မလို၊ ဝိနည်းဓိုရ်ဆရာတော်များ၏ မေးမြန်းချက်နှင့် စောဒက/စုဒိတက၏ မေးမြန်းချက်ကိုသာ မေးမြန်းချက်နှင့် လိုက်လျောညီသော စပ်ဆိုင်သော အချက်များကိုသာ ထွက်ဆိုရမည်။
၁၈၄။ သံဃဝိနိစ္ဆယအဖွဲ့သည် စောဒက/စုဒိတကနှင့် နှစ်ဘက်သက်သေများကို စစ်ဆေးပြီးတိုင်း ၎င်းတို့ထွက်ဆို အစစ်ခံချက်များကို ပြန်လည်ဖတ်ကြားပြပြီး မှန်ကန်ပါက စစ်ချက်စာရွက်တိုင်းတွင် လက်မှတ်ရေးထိုးစေရမည်။
၁၈၅။ အစစ်ခံထွက်ဆိုသူသည် အမှုနှင့်မစပ်ဆိုင်သော အထောက်အကူမပြုသော အကြောင်းအရာ များကို ထွက်ဆိုနေပါက အမှုနှင့်စပ်ဆိုင်သည်ကိုသာ ထွက်ဆိုရန်နှင့် မဆိုင်သည်ကို မထွက်ဆိုရန် သဘာပတိဆရာတော်က တားမြစ်ရမည်။
၁၈၆။ စောဒက၊ စုဒိတကတို့သည် မိမိတို့၏ မူလစောဒနာလွှာ သောဓနာလွှာတွင် မပါဝင်သေးဘဲ အခြားအရေးကြီးသည့် အမှုနှင့်သက်ဆိုင်သော တင်ပြချက်ကျန်ရှိနေပါက သဘာပတိ၏ ခွင့်ပြုချက် ကိုယူ၍ ထပ်မံဖြည့်စွက် ထွက်ဆိုနိုင်သည်။
၁၈၇။ စောဒကအများ/စုဒိတကအများဖြစ်ပါက ဦးဆောင်စောဒက/စုဒိတကတစ်ဦးကသာ မေးမြန်းခွင့် ရှိသည်တို့ကို မေးမြန်းနိုင်သည်။
၁၈၈။ စောဒကသက်သေ/စုဒိတက သက်သေများ၏ လွတ်လပ်စွာ ထွက်ဆိုပြီးဆုံးသောအခါ ထပ်မံမေးမြန်းရန် လိုအပ်ပါက ဝိနည်းဓိုရ်ဆရာတော်များက စစ်ဆေးမေးမြန်းရမည်။ ဝိနည်းဓိုရ် ဆရာတော်များ မေးပြီးနောက် စောဒက၊ စုဒိတကတို့က ဆက်လက်မေးမြန်းနိုင်သည်။
၁၈၉။ သံဃဝိနိစ္ဆယအဖွဲ့သည် စောဒက/စုဒိတကနှင့် ယင်းတို့တင်ပြသော နှစ်ဘက်သက်သေများကို စုံလင်စွာ ကြားနာစစ်ဆေးပြီးနောက် မူလသက်သေကိုသော်လည်းကောင်း၊ စစ်ဆေးရာမှ ထွက်ပေါ် လာသောအမှုနှင့် သက်ဆိုင်သည်ဟု ယူဆထိုက်သော အခြားသက်သေကိုသော်လည်းကောင်း ခေါ်ယူ စစ်ဆေးနိုင်သည်။
၁၉၀။ စောဒက/စုဒိတကသည် စာရွက်စာတမ်း သက်သေခံတင်ပြီးသော အချက်များကို နှုတ်သက်သေခံ တင်ပြထွက်ဆိုခြင်း မပြုရ၊ စာချုပ်စာတမ်း စစ်မှန်ခြင်း ရှိ-မရှိ၊ စာချုပ်စာတမ်းပါ လက်မှတ် မှန်ကန်ခြင်း ရှိ-မရှိကိုမူ နှုတ်သက်သေ တင်ပြထွက်ဆိုနိုင်သည်။
၁၉၁။ စောဒက/စုဒိတက/သက်သေတို့သည် အမှုနှင့်စပ်ဆိုင်သော အကြောင်းအရာကို အစီအစဉ် စနစ်တကျ မထွက်ဆိုတတ်ကြောင်း တွေ့ရှိပါက အဖြစ်အပျက်များ အစီအစဉ်တကျ ထွက်ပေါ်လာ စေရန် သဘာပတိဆရာတော်က ကျွမ်းကျင်လိမ္မာစွာ မေးမြန်းစစ်ဆေးရမည်။
၁၉၂။ စောဒက/စုဒိတက/သက်သေတို့သည် အပြည့်အစုံ အသင့်ရေးသားယူဆောင်လာသော ထွက်ဆိုချက်ကို ဖတ်ကြားထွက်ဆိုခွင့် မရှိ၊ သို့ရာတွင် အတိုကောက် အမှတ်အသားများ၊ နေ့စဉ် မှတ်တမ်းများ၊ သက်သေခံ စာရွက်စာတမ်းများကို ကြည့်ရှုကိုးကား၍ အစစ်ခံထွက်ဆိုခွင့်ရှိသည်။
၁၉၃။ သဘာပတိဆရာတော်သည် အမှုမှန်ပေါ်ထွက်ရေးအတွက် မေးသင့်မေးထိုက်သည့် အချက် များကို ကြိုတင်လေ့လာထားပြီး ဟာကွက် ပျော့ကွက်များ မရှိအောင် မေးမြန်းစစ်ဆေးရမည်။