သီးခြားဂိုဏ်းများ (ဝိနိစ္ဆယလက်စွဲ)
၂၈။ (က) သီးခြားဂိုဏ်းဝင်သံဃာများသည် မိမိတို့ဂိုဏ်းဝင်အချင်းချင်း ဖြစ်ပွားသော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများကို သက်ဆိုင်ရာဂိုဏ်း၏ သက်ဆိုင်ရာသံဃနာယကအဖွဲ့ (သို့မဟုတ်)သက်ဆိုင်ရာဂိုဏ်းက သတ်မှတ်သည့်အတိုင်း စွဲဆိုနိုင်သည်။
(ခ) သက်ဆိုင်ရာဂိုဏ်း၏ သက်ဆိုင်ရာသံဃနာယကအဖွဲ့သို့ စွဲဆိုရာ၌ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စွဲဆိုရမည်။
၂၉။ သာသနာရေးဦးစီးဌာနက စောဒကပြုလုပ်စွဲဆိုရန် သီးခြားတာဝန်ပေးအပ်သည့် အဓိကရုဏ်း မှုခင်းမှတစ်ပါး အခြားအဓိကရုဏ်းမှုခင်းများ၌ မြို့နယ်သာသနာရေးမှူးသည် စောဒက ပြုလုပ်စွဲဆိုခွင့် မရှိစေရ။
ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကို စိစစ်လက်ခံခြင်း(ဝိနိစ္ဆယလက်စွဲ)
၃၀။ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ တင်သွင်းလာသော စောဒနာလွှာကို လက်ခံရန် သတ်မှတ်ထားသော သံဃနာယကအဖွဲ့သည် တင်သွင်းလာသော စောဒနာလွှာအရ ဝိနည်းဓမ္မကံမှုခင်း၌ အကျုံးဝင်သည်၊ အကျုံးမဝင်သည်ကို စိစစ်လက်ခံရမည်။
၃၁။ သံဃနာယကအဖွဲ့သည် စောဒက၏ စောဒနာလွှာ၌ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အပိုဒ်(၃)နှင့် ယင်းလုပ်ထုံးလုပ်နည်းများ နောက်ဆက်တွဲ ပုံစံ(က)၊ သို့မဟုတ် (ခ)ပါ သတ်မှတ်ထားသည့် အချက်အလက်များ၊ အထောက်အထားများ၊ သက်သေများ၊ ပြည့်စုံစွာ တင်ပြထားခြင်း ရှိ၊ မရှိ စောဒကများ ကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်း ရှိ၊ မရှိ စိစစ် လက်ခံရမည်။
၃၂။ အခန်း(၁)တွင် ဖော်ပြထားသည့်အတိုင်း စောဒကပုဂ္ဂိုလ်က စောဒနာလွှာ၌ ပြည့်စုံစွာ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်လက်ခံရမည်။
၃၃။ သတ်မှတ်ထားသည့် အချက်အလက်များ၊ အထောက်အထားများ မပြည့်မစုံဖြစ်နေပါက လိုအပ်ချက်များကို ထပ်မံဖြည့်စွက်တင်ပြရန် ရှင်းလင်းပြောကြားညွှန်ကြားရမည်။
၃၄။ စောဒနာလွှာတွင် သက်သေခံစာရွက်စာတမ်းများကို(က)(ခ) စသည်မှတ်သား၍ ယင်း သက်သေခံ စာရွက်စာတမ်း၏ အကြောင်းအရာ ရွက်ရေတို့ကို ဖော်ပြလျက် “သက်သေခံစာရွက် စာတမ်းစာရင်း”နှင့် အတူ ပူးတွဲတင်ပြခြင်း ရှိ မရှိ စိစစ်၍ လက်ခံရမည်။
၃၅။ သက်သေခံ စာရွက်စာတမ်းများသည် မူရင်း၊ သို့မဟုတ် မိတ္တူခွဲခြားဖော်ပြထားခြင်း ရှိ၊ မရှိ စိစစ်ရမည်။ မိတ္တူဖြစ်လျှင် အလိုရှိ၍ တောင်းဆိုပါက မူရင်းကို အချိန်မရွေး တင်ပြနိုင်ပါကြောင်း ယင်းစာရွက်ပေါ်တွင် ဝန်ခံလက်မှတ်ရေးထိုးထားခြင်း ရှိ၊ မရှိ စိစစ်၍ လက်ခံရမည်။
၃၆။ သက်သေစာရင်းကို စိစစ်ရာ၌ သက်သေတို့၏ သာသနာဝင်အမှတ်၊ အမျိုးသားမှတ်ပုံတင် အမှတ်၊ အလုပ်အကိုင်နှင့် နေရပ်လိပ်စာ အပြည့်အစုံ ဖော်ပြထားခြင်း ရှိ မရှိ စိစစ်၍ လက်ခံရမည်။
၃၇။ သက်သေခံစာရင်းပါ ပုဂ္ဂိုလ်များသည် အမှုနှင့် စပ်လျဉ်း၍ မည်သည့်အကြောင်းအရာကို သိရှိသူဖြစ်ကြောင်း ခွဲခြားသိရှိစစ်ဆေးနိုင်ရန်အတွက် စောဒနာလွှာစာပိုဒ်တစ်ခုစီ၏ အဆုံးတွင် သက်ဆိုင်သည့် သက်သေအမည်ကို အသီးသီးခွဲခြား၍ ထပ်မံဖော်ပြထားခြင်း ရှိ မရှိ စိစစ်ရမည်။
၃၈။ စောဒနာလွှာ(၂)စောင် တင်သွင်းရာတွင် စောဒနာလွှာ(၂)စောင်လုံးတွင် သက်သေခံစာရွက် စာတမ်းနှင့် သက်သေခံစာရင်းများ ပါ မပါကို စိစစ်၍ စုဒိတကထံ ပေးပို့သော စောဒနာလွှာ မိတ္တူတွင် သက်သေခံစာရွက်စာတမ်း မိတ္တူကိုပါ ထည့်သွင်းပေးပို့ရမည်။
၃၉။ သံဃနာယကအဖွဲ့သည် စောဒနာလွှာပါ စာရွက်အသီးသီး၏ ကျောဘက်တွင် သံဃနာယက အဖွဲ့တံဆိပ် ရိုက်နှိပ်၍ စာမျက်နှာနံပါတ်များကို အစဉ်အတိုင်း ရေးထိုးရမည်။
၄၀။ သံဃနာယကအဖွဲ့သည် အမှုတွဲ မှတ်ပုံတင်စာရင်းစာအုပ် ထားရှိပြီး ယင်းမှတ်ပုံတင် စာရင်းစာအုပ်တွင် ရက်စွဲနှင့် စာနံပါတ်၊ စောဒက၊ စုဒိတကတို့၏ အမည်နှင့် နေရပ်လိပ်စာ အမှု အကြောင်းအရာများအပြင် စာရွက်အရေအတွက်နှင့် အရေးကြီးသည့် သက်သေခံ စာရွက်စာတမ်းများ၏ အမျိုးအမည်တို့ကို ရေးမှတ်ထားရမည်။
၄၁။ စောဒနာလွှာ၌ ရှေ့ဆုံးစာမျက်နှာတွင် ရက်စွဲနှင့် ဝင်စာနံပါတ်များကို ရေးမှတ်ရမည်။
၄၂။ အမှုလက်ခံရရှိသော သက်ဆိုင်ရာ သံဃနာယကအဖွဲ့သည် စွဲဆိုချက်နှင့် မသက်ဆိုင်သော အဆုံးအဖြတ်ကို ရယူနိုင်ရန် တောင်းခံထားသည့် စောဒနာလွှာ၊ အရေးကြီးသော အချက်အလက် ပြည့်စုံစွာ ဖော်ပြမထားသည့် စောဒနာလွှာ၊ ခိုင်လုံသည့် အထောက်အထား မတင်ပြနိုင်သည့် စောဒနာလွှာကို ပယ်ချရာ၌ ပုံစံ(ဂ)တွင် ချွတ်ယွင်းချက်များကို ဖော်ပြ၍ စောဒနာလွှာ ရရှိသည့်နေ့မှ ၁၅-ရက်အတွင်း သံဃနာယကအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပလပ်ပယ်ချနိုင်သည်။ ယင်းအမိန့်စာ ပုံစံ(ဂ)နှင့်တကွ စောဒနာလွှာကိုပါ စောဒကအား ပြန်ပေးရမည်။
၄၃။ စောဒကသည် စောဒနာလွှာ၌ ချွတ်ယွင်းချက်များကို ပြည့်စုံအောင်ဆောင်ရွက်၍ သက်ဆိုင် သည့် သံဃနာယကအဖွဲ့သို့ ပလပ်ပယ်ချသည့် အမိန့်စာရသည့်နေ့မှ ရက်ပေါင်း ၃၀-အတွင်း ဒုတိယအကြိမ် ပြန်လည်တင်သွင်းစွဲဆိုနိုင်သည်။
၄၄။ သက်ဆိုင်ရာ သံဃနာယကအဖွဲ့သည် ဒုတိယအကြိမ် ပြန်လည်တင်ပြသည့် စောဒနာလွှာကို စိစစ်၍ လက်ခံခြင်း၊ ထပ်မံပယ်ချခြင်းပြုနိုင်သည်။ ဒုတိယအကြိမ် ပယ်ချပါက ထပ်မံပယ်ချသည့် ပုံစံ(ဂ)နှင့်တကွ အမိန့်စာ စောဒနာလွှာကိုပါ စောဒကသို့ ပေးရမည်။
၄၅။ မြို့နယ်သံဃနာယကအဖွဲ့က ဒုတိယအကြိမ် ထပ်မံပယ်ချခြင်းကို မကျေနပ်သော စောဒက သည် ပလပ်ပယ်ချသည့် အမိန့်စာရသည့်နေ့မှ ရက်ပေါင်း ၃၀-အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့သို့ အကြောင်းအကျိုးဖော်ပြ၍ အယူခံဝင်နိုင်သည်။
၈၁။ မြို့နယ်သံဃနာယကအဖွဲ့သည် စုဒိတကအား သောဓနာလွှာတင်ရန် ခွင့်ပြုရက်ကုန်ဆုံးပြီး နောက် သောဓနာလွှာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ၁၅ ရက်အတွင်း သံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်း ပေးရမည်။
၈၂။ မြို့နယ်သံဃနာယကအဖွဲ့သည် သက်ဆိုင်ရာ ဝိနည်းဓိုရ်စာရင်းမှ ရွေးချယ်စဉ်အရ အလှည့်ကျ ဝိနည်းဓိုရ်(၃)ပါး၊ သို့မဟုတ်(၅)ပါးနှင့် အရန်(၂)ပါး ပါဝင်သော မြို့နယ်သံဃဝိနိစ္ဆယ အဖွဲ့ကို သတ်မှတ်သည့် နောက်ဆက်တွဲ ပုံစံ(၄)ဖြင့် ဖွဲ့စည်း၍ အမှုတွဲကို ချက်ချင်း လွှဲပြောင်းပေးရမည်။
၈၃။ အရန် ဝိနည်းဓိုရ်များသည် ဆောင်ရွက်ဆဲမှုခင်း၌ ပြီးဆုံးသည့်တိုင်အောင် ဝိနည်းဓိုရ်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ မပြုရပါက နောက်တစ်မှုတွင် ယင်းဝိနည်းဓိုရ်ကို အလှည့်ကျ ဝိနည်းဓိုရ်အစဉ်၌ ထည့်သွင်းဖွဲ့စည်းရမည်။
၈၄။ အရန်ဝိနည်းဓိုရ်များသည် မူလဝိနည်းဓိုရ်များ ပျက်ကွက်ခြင်း မရှိပါက တရားခွင်သို့ ဝိနည်းဓိုရ် အဖြစ် လာရောက်ဆောင်ရွက်ခြင်းမပြုရ။
၈၅။ သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းခြင်းအမိန့်ကို သံဃနာယကအဖွဲ့ ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ဖွဲ့စည်းမိန့်ကို သဘာပတိဆရာတော်က ဖတ်ကြားကြေညာ၍ အမှုတွဲ၌ တွဲထားရမည်။
၈၆။ မြို့နယ်သံဃနာယကအဖွဲ့သည် စောဒနာလွှာနှင့် သောဓနာလွှာများ ပါဝင်သည့် အမှုတွဲကို စာတွဲအရေအတွက်နှင့် ယင်းစာတွဲအသီးသီးတွင် ပါရှိသည့် စာရွက် ရွက်ရေတို့ကို ကျောဘက်တွင် သံဃနာယကအဖွဲ့ တံဆိပ်ရိုက်နှိပ် နံပါတ်ရေးသွင်းပြီး စာရင်းနှစ်စောင် ပြုလုပ်လျက် တစ်စောင်ကို သံဃဝိနိစ္ဆယအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရမည်။ လွှဲပြောင်းလက်ခံသည့် စာရွက်ပေါ်၌ သက်ဆိုင်ရာ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် သံဃဝိနိစ္ဆယအဖွဲ့ သဘာပတိဆရာတော်တို့ လက်မှတ် ရေးထိုးထားရမည်။
၈၇။ သံဃဝိနိစ္ဆယအဖွဲ့သည် အမှုတွဲပါစောဒနာ သောဓနာလွှာတို့တွင် လွှဲပြောင်းအပ်နှံပေးသည့် စာရင်းအတိုင်း ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/မရှိ စိစစ်လက်ခံခြင်း ပြုရမည်။
၈၈။ မြို့နယ်သံဃနာယကအဖွဲ့သည် သံဃဝိနိစ္ဆယအဖွဲ့သို့ အမှုတွဲလွှဲအပ်ရာ၌ ဖော်ပြလတ္တံ့ပါ စာရွက်စာတန်းများကို တစ်ပါတည်း ပေးအပ်ရမည်-
(က) သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းခြင်း အမိန့်ပုံစံ(၄)၊
(ခ) ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ နောက်ဆက်တွဲပုံစံ(၈)(အမှုနေ့စဉ်မှတ်တမ်း)၊
(ဂ) စောဒက စုဒိတက ဆင့်ခေါ်စာ ပုံစံ(၅)၊
(ဃ) သက်သေဆင့်ခေါ်စာ ပုံစံ(၆)၊
(င) သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက် ပုံစံ(၇)
(စ) သံဃဝိနိစ္ဆယအဖွဲ့ တံဆိပ်တုံးနှင့် လိုအပ်သော စက္ကူနှင့် စာရေးကိရိယာများ၊
၈၉။ ဝိနည်းဓိုရ်များသည် ဖော်ပြလတ္တံ့ပါ သာသနာရေးဆိုင်ရာပစ္စည်းများနှင့် ပတ်သက်၍ ဖြစ်ပွား လာသော မှုခင်းများကို လက်ခံစစ်ဆေး ဆုံးဖြတ်နိုင်သည်-
(က) သက်ဆိုင်ရာ ဥပဒေနှင့်အညီ အာဏာပိုင် တစ်ရပ်ရပ်က သာသနာ့မြေအဖြစ် သတ်မှတ် ထားသည့် သာသနာ့မြေ၊
(ခ) အစဉ်အလာအရ ရှေးနှစ်ပေါင်းများစွာက သိသာထင်ရှားစွာ အများက လက်ခံထား သည့် သာသနာ့မြေ၊
(ဂ) သာသနာ့မြေပေါ်တွင် ဆောက်လုပ်လှူဒါန်းထားသော သိမ်၊ ကျောင်း၊ ရေတွင်း၊ ရေကန်၊ ဇရပ် စသော အဆောက်အအုံများ၊
(ဃ) ရဟန်းသံဃာနှင့် အပ်စပ်သည့် ရဟန်းသံဃာအား လှူဒါန်းထားသော အသုံးအဆောင် ပစ္စည်းများ၊
(င) စေတီတော်အားလည်းကောင်း၊ ကျောင်းအားလည်းကောင်း၊ ကျောင်းတိုက်အား လည်းကောင်း၊ နဝကမ္မအားလည်းကောင်း၊ လှူဒါန်းထားသော ရတနာ၊ ရွှေ၊ ငွေ၊ ကြေးနှင့် ဂရုဘဏ် လဟုဘဏ်ပစ္စည်းများ။
၉၀။ ဝိနည်းဓိုရ်များသည် ဖော်ပြလတ္တံ့ပါမှုခင်းများကို လက်ခံစစ်ဆေးဆုံးဖြတ်ခြင်းမပြုရ-
(က) လူသတ်မှု၊
(ခ) ဓားပြတိုက်မှု၊ လုယက်မှု၊
(ဂ) တိုင်းပြည်ပုန်ကန်မှု၊ သူပုန်မှု၊
(ဃ) ရန်သူတို့၏သူလျှိုလုပ်မှု၊
(င) ရန်သူတို့၏ဝါဒဖြန့်မှု၊
(စ) အုပ်ချုပ်ရေးပျက်ပြားအောင်အားထုတ်မှု၊
(ဆ) စစ်ကိုအရေးနိမ့်အောင်အားထုတ်မှု၊
(ဇ) အမွေရလိုမှု၊
(ဈ) လယ်ယာကိုင်းကျွန်းစသည်ကို မအပ်သော အလှူခံမှု၊
(ည) ဘိန်းစသော မူးယစ်ဆေးဝါးမှု၊ သေရည်အရက်မှု၊
(ဋ) အပေါင်အနှံခံမှု၊
(ဌ) ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝိဝါဒါဓိကရုဏ်းမှုခင်းများ၊
(ဍ) အကပ္ပိ ရွှေငွေစသည်ကို လျော်ကြေးတောင်းမှု၊
(ဎ) ဗုဒ္ဓဘာသာ သာသနာတော်နှင့် မစပ်သော ပစ္စည်းတစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ ဖြစ်ပွား သော အဓိကရုဏ်းမှု၊
(ဏ) အထောက်အထားခိုင်လုံသော မုဒိန်းမှု။
၉၁။ (က) အထက်အပိုဒ်(၉၀)ပါ (၁) လူသတ်မှု၊ (၂) ဓားပြတိုက်မှု၊ လုယက်မှု၊ (၃) အထောက် အထားခိုင်လုံသော မုဒိန်းမှုတို့ကို လူတရားရုံးများ၌ စစ်ဆေးဆုံးဖြတ် ပြီးစီးပါက သံဃဝိနိစ္ဆယအဖွဲ့ဖြင့် ဆုံးဖြတ်ခံယူခွင့်ရှိသည်။
(ခ) အထက် အပိုဒ်(၉၀)ပါ မှုခင်းများမှတစ်ပါး ကျန်ပြစ်မှုများကို သံဃဝိနိစ္ဆယရုံး၌သာ လက်ခံစစ်ဆေးရမည်။
၉၂။ မြို့နယ်သံဃနာယကအဖွဲ့၊ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သည် သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းခြင်းအမိန့်ကို သက်ဆိုင်ရာမြို့နယ်၊ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးနှင့် သက်ဆိုင်ရာ ဆွမ်းကွမ်းဝေယျာဝစ္စအဖွဲ့(ဥပတ္ထမ္ဘကအဖွဲ့)ဥက္ကဋ္ဌသို့ လိုအပ်သည် တို့ကို စီစဉ်ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံစာနှင့်အတူ ပူးတွဲပေးပို့ရမည်။