မြို့နယ်သံဃနာယကအဖွဲ့

၁။

မြို့နယ်သံဃနာယကအဖွဲ့ဆိုသည်မှာ မြို့နယ်သံဃာ့ဝန်ဆောင်များက ရွေးချယ်ဖွဲ့စည်းသော သံဃာ့အဖွဲ့ကို ဆိုသည်။ (သံ/စည်း၊ ၂-ဋ)

၂။

ရပ်ကွက် / ကျေးရွာအုပ်စုသံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီး / ပြည်နယ် သံဃနာယကအဖွဲ့ဆရာတော်များသည် သံဃနာယကအဆင့်များတွင် တစ်ဆင့်ဆင့်၌သာ ပါဝင်ခွင့် ရှိသည်။ (သံ/စည်း၊ ၁၈-က)

၃။

မြို့နယ်သံဃနာယကဆရာတော်သည် တိုင်းဒေသကြီး / ပြည်နယ်သံဃနာယကဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံရပါက မြို့နယ်သံဃနာယကအဖြစ်မှ အလိုအလျှောက် နုတ်ထွက်ပြီးဖြစ်သည်။ (သံ/စည်း၊ ၁၈-ဂ)

၄။

မြို့နယ်သံဃနာယကအဖွဲ့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော် များဖြင့် ဖွဲ့စည်းရမည်။ (သံ/စည်း၊ ၂၆)

၅။

သတ်မှတ်ထားသော မြို့နယ်ဝန်ဆောင်အရေအတွက် မပြည့်မီသဖြင့် မြို့နယ်သံဃနာယကအဖွဲ့ မဖွဲ့စည်းနိုင်ခဲ့သော် ထိုမြို့နယ်အတွင်းရှိ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် သံဃနာယကအဖွဲ့က နီးစပ်သင့်လျော်ရာ မြို့နယ်အတွင်းသို့ ထည့်သွင်း၍ စုပေါင်းမြို့နယ် သံဃနာယက အဖွဲ့ပူးပေါင်းဖွဲ့စည်းပေးရမည်။ (သံ/စည်း၊ ၃၂)

၆။

မြို့နယ်သံဃနာယကအဖွဲ့သည် မိမိအပါအဝင် မြို့နယ်သံဃာ့ဝန်ဆောင်များထဲမှ သင့်လျော် သော ပုဂ္ဂိုလ်များဖြင့် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ရပ်ကွက် / ကျေးရွာအုပ်စု သံဃနာယက ရွေးချယ်ဖွဲ့စည်း / သတ်မှတ်မှုနှင့် မြို့နယ်သံဃာ့ဝန်ဆောင် ရွေးချယ်မှုတို့ကို ကြီးကြပ်ဆောင်ရွက် ပေးရမည်။ (သံ/စည်း၊ ၄၂)

၇။

မြို့နယ်သံဃနာယကအဖွဲ့စုံညီအစည်းအဝေးကို အနည်းဆုံး ၃-လ ၁-ကြိမ်ကျင်းပရမည်။ (သံ/စည်း၊ ၆၈)

၈။

မြို့နယ်သံဃနာယအဖွဲ့သည် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို အရေးပေါ်ကျင်းပလိုလျှင် မြို့နယ် အာဏာပိုင်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။(သံ/စည်း၊ ၇၂)

၉။

မြို့နယ်သံဃနာယကအဖွဲ့ အရေးပေါ်အစည်းအဝေးကို အမြန်ဆုံးပင့်ဆောင်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ကျင်းပရမည်။ (သံ/စည်း၊ ၇၆)

၁၀။

မြို့နယ်သံဃနာယကအဖွဲ့၏ သက်တမ်းသည် ပုံမှန်အားဖြင့် (၆)နှစ်ဖြစ်သည်။ ထပ်မံ ရွေးချယ်ခံရပါက ဒုတိယ(၆)နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရှိသည်။ (၆)နှစ်သက်တမ်း (၂)ကြိမ်ထက် ပိုမို၍ ထမ်းဆောင်ခွင့် မရှိစေရ။ အထက်အဆင့်အဖွဲ့အစည်းဝင်အဖြစ် ရွေးချယ်ခံရပါက ၎င်းအဖွဲ့ အစည်း သက်တမ်းအတိုင်းဖြစ်သည်။

ခြွင်းချက်။ သတ်မှတ်အရေအတွက် မပြည့်မီသော မြို့နယ်အတွင်းဖြစ်ပါက ၂ကြိမ်ထက် ပိုမို၍ အရွေးခံခွင့်ရှိသည်။ (သံ/စည်း၊ ၈၇)

 

မြို့နယ်သံဃနာယကအဖွဲ့၏ ဂုဏ်အင်္ဂါအရည်အချင်းများ

၁။

မြို့နယ်သံဃနာယကဆရာတော်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံ ရမည်- (သံလုပ်ထုံး၊ ၃၅)

(က)

သိက္ခာတော် အနည်းဆုံး(၁၅)ဝါမှ (၅၀)ဝါ အထိ ရှိရမည်၊

(ခ)

ဝိနည်း၌ ကျွမ်းကျင်လိမ္မာရမည်၊

(ဂ)

ရဟန်းရှင်လူအများတို့၏ ကြည်ညိုလေးစားခြင်းကို ခံထိုက်ရမည်၊

(ဃ)

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(င)

ရွေးကောက်တင်မြှောက်ရာ မြို့နယ်အတွင်း၌ ဝါကပ်သီတင်းသုံးသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

(စ)

မိမိအပေါ် ကျရောက်လာသော တာဝန်များကို ဧကန်မုချဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ဖြစ်ရမည်၊

(ဆ)

မြို့နယ်အတွင်းရှိ သံဃာများ၊ ဂိုဏ်းများကို စုစည်းညီညွတ်စေလိုသောဆန္ဒ ရှိရမည်၊

(ဇ)

အဂတိတရား လိုက်စားခြင်းမှ ရှောင်ကြဉ်ရမည်၊

(ဈ)

ဂုဏ်အင်္ဂါအရည်အချင်း ပျက်ယွင်းခြင်းစသော အကြောင်းတစ်စုံတစ်ရာကြောင့် မိမိဆောင်ရွက်ရာ သံဃာ့အဖွဲ့အစည်းမှ ထုတ်ပယ်ထားခြင်း မခံရသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

(ည)

အကျင့်စာရိတ္တနှင့် စပ်လျဉ်းသော ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ဖြင့် အပြစ်ပေး မခံရဖူးသောပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဋ)

အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ တက္က သီလဓမ္မာစရိယ၊ ဝိနယဝိဒူတစ်ခုခုကို အောင်မြင်ရမည်။ ယင်းဘွဲ့ရပုဂ္ဂိုလ်များ မရှိပါက သင့်လျော်သောပုဂ္ဂိုလ်ကို ရွေးချယ်ရမည်။

(၂)

မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်သည် အထက်အပိုဒ် ၃၅(က) တွင် ဖော်ပြထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည့်အပြင် စာသင်တိုက်ရှိသော မြို့နယ်များ၌ စာသင်တိုက်တစ်ခု၏ နာယကအဖွဲ့ဝင်ဖြစ်ရမည်။

 

Previous Page      Next Page