မြို့နယ်သြဝါဒါစရိယအဖွဲ့

၁။

မြို့နယ်သြဝါဒါစရိယအဖွဲ့ဆိုသည်မှာ မြို့နယ်သံဃနာယကအဖွဲ့က ​ရွေးချယ်၍ မြို့နယ်သံဃာ့ ဝန်ဆောင်များက အတည်ပြုပေးသော သြဝါဒါစရိယအဖွဲ့ကိုဆိုလိုသည်။ (သံ/စည်း၊ ၂-ဌ)

၂။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း၌ မြို့နယ်များတွင် မြို့နယ်သြဝါဒါစရိယ ဆရာတော်များနှင့် အဆင့်တူ သတ်မှတ်ထားသည့် သြဝါဒါစရိယဆရာ​တော်သည် ဂိုဏ်းအသီး သီးတွင် ရှိနိုင်သည်။ (သံ/စည်း၊ ၁၉-က၊ခ)

၃။

ပြည်နယ် / တိုင်းသြဝါဒါစရိယဆရာတော်များနှင့် မြို့နယ်သြဝါဒါစရိယ ဆရာတော်များအဖြစ် ရွေးချယ်သတ်မှတ် ထားသော ဆရာတော်သည် မြို့နယ်သံဃနာယကအဖြစ် ​ဆောင်ရွက်ခွင့်မရှိ။ (သံ/စည်း၊ ၂၀)

၄။

မြို့နယ်သြဝါဒါစရိယများ၏ သက်တမ်းကို သတ်မှတ်ခြင်းမပြု။ (သံ/စည်း၊ ၉၀)

၅။

မြို့နယ်သံဃနာယကအဖွဲ့သည် သက်ဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်များထဲမှသော်လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ အသက်သိက္ခာဂုဏ်ဝါကြီးများသော ဆရာတော်များ ထဲမှ သော်လည်းကောင်း အများဆုံး ၅-ပါးအထိ ပါဝင်သော မြို့နယ်သြဝါဒါစရိယဆရာတော်များ၏ ဘွဲ့အမည်စာရင်းတစ်စောင်ကို ပြုစု၍ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းရမည်။ (သံလုပ်ထုံး၊ ၄၇)

၆။

မြို့နယ်သံဃနာယကအဖွဲ့က တင်သွင်းသော မြို့နယ်သြဝါဒါစရိယ ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို မြို့နယ် သံဃာ့ဝန်ဆောင်အစည်းအဝေးက များရာသံဃဆန္ဒဖြင့် အတည်ပြု ရမည်။(သံလုပ်ထုံး၊ ၄၈)

မြို့နယ်သြဝါဒါစရိယ၏ အရည်အချင်းများ

၁။

မြို့နယ်သြဝါဒါစရိယဆရာတော်သည် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံ ရမည်-(သံလုပ်ထုံး၊ ၄၉)

(က)

သိက္ခာတော် အနည်းဆုံး(၃၅)ဝါရှိပြီးဖြစ်ရမည်၊

(ခ)

ဝိနည်း၌ ကျွမ်းကျင်လိမ္မာရမည်၊

(ဂ)

မြို့နယ်အတွင်းရှိ ရဟန်းရှင်လူအများတို့၏ ကြည်ညိုလေးစားခြင်းကို ခံထိုက် ရမည်၊

(ဃ)

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားစေလိုသော ဆန္ဒရှိရမည်၊

(င)

ခမာ၊ ဇာဂရိယ စသော နာယကဂုဏ်များနှင့် ပြည့်စုံရမည်၊

(စ)

ရွေးကောက်တင်မြှောက်ရာ မြို့နယ်အတွင်း၌ ဝါကပ်သီတင်းသုံးသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဆ)

တွေ့ကြုံလာသော ပြဿနာများကို ပြေလည်အေးငြိမ်းအောင် ဖြေရှင်းပေး နိုင်သော စွမ်းရည်သတ္တိရှိရမည်၊

(ဇ)

မိမိမြို့နယ်အတွင်းရှိ သံဃာများ၊ ဂိုဏ်းများကို စုစည်းညီညွတ်စေလိုသော ဆန္ဒရှိရမည်၊

(ဈ)

အဂတိတရား လိုက်စားခြင်းမှ ရှောင်ကြဉ်ရမည်၊

(ည)

ဂုဏ်အင်္ဂါအရည်အချင်း ပျက်ယွင်းခြင်းစသော အကြောင်းတစ်စုံတစ်ရာကြောင့် မိမိဆောင်ရွက်ရာ သံဃာ့အဖွဲ့အစည်းမှ ထုတ်ပယ်ထားခြင်း မခံရသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

(ဋ)

အကျင့်စာရိတ္တနှင့်စပ်လျဉ်းသော ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ဖြင့် အပြစ်ပေး မခံရဖူးသော ပုဂ္ဂိုလ် ဖြစ်ရမည်၊

မှတ်ချက်။     ။  သီးခြားဂိုဏ်းများ၌ မြို့နယ်သြဝါဒါစရိယ ဆရာတော်ကို ဤလုပ်ထုံး လုပ်နည်း နှင့်အညီ သတ်မှတ်ထားရှိနိုင်သည်။