သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားတို့ ဆက်ကပ်လှူဒါန်း

၂၁-၁၁-၂၀၂၁ ရက်နေ့၊ ၁၅ ၁၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်၊ ထူပါရုံရွှေကျောင်း၊ ရတနာ့ဗိမာန်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ၃၆ ကျောင်းနှင့် သီလရှင် ၁၅ ကျောင်းတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆား ဆက်ကပ် လှူဒါန်းခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်းမြို့ပေါ်ရှိ ဇိနောဒယစာသင်တိုက်နှင့် သီတဂူဗုဒ္ဓတက္ကသိုလ်ရှိ သံဃာများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆား ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် ဇိနောဒယပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုနိက၊ စစ်ကိုင်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်(သုဓမ္မာ)၊ စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်(ရွှေကျင်)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အုပ်ချုပ်ရေး ဆရာတော်တို့ အမှူးပြုသော ပင့်သံဃာ ၄၁ ပါး၊ သီလရှင် ၁၅ ပါးတို့ ကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရတနင်္ကရကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုဏ္ဍထံမှ ငါးပါသီလခံယူပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ပရိတ်တရားတော် များကို နာယူကြည်ညို၍ လှူဒါလှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားတို့ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်း ဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် ဇိနောဒယပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုနိက ထံမှ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယနေ့ကျင်းပသည့် ဆွမ်းဆန်တော်လှူဒါန်းပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်းမှ ရဟန်း ၁၄၃ ပါး၊ သာမ‌ဏေ ၁၁၄ ပါးနှင် သီလရှင်ကျောင်း ၁၅ ကျောင်းမှ သီလရှင် ၁၅၇ ပါးတို့ အတွက် ဆွမ်းဆန်တော် ၁၆၄ အိတ် ၁၇ ပြည်၊ ပဲဆီ ၄၁၄ ပိဿာ၊ ကုလားပဲ ၄၁၄ ပြည်၊ ဆား ၁၀၄ ပိဿာ (စုစုပေါင်းလှူဒါန်းငွေကျပ်တန်ဖိုး ၁၂,၅၉၆,၀၀၀/-)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့က သီတဂူဗုဒ္ဓတက္ကသိုလ်ရှိ သံဃာ ၄၃ ပါးအတွက် ဆွမ်းဆန်တော် ၁၇ အိတ် ၉ ပြည်၊ နေကြာဆီ ၄၃ ပိဿာ၊ ကုလားပဲ ၄၃ ပြည်၊ ဆား ၁၀ ပိဿာ ၇၅ ကျပ်သားနှင့် ဇိနောဒယ ပရိယတ္တိစာသင်တိုက်ရှိ သံဃာ ၂၅၄ ပါးတို့အတွက် ဆွမ်းဆန်တော် ၈၈ အိတ် ၉ ပြည်၊ နေကြာဆီ ၂၅၄ ပိဿာ၊ ကုလားပဲ ၂၅၄ ပြည်၊ ဆား ၆၃ ပိဿာ ၅၀ ကျပ်သား( စုစုပေါင်း လှူဒါန်းငွေကျပ် တန်ဖိုး ၈,၃၉၃,၉၈၀/- ) လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

သာသနာရေးဦးစီးဌာန