သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့အား အမှူးထား၍ ဝန်ထမ်းမိသားစုများ၏ သောဠသမအကြိမ်၊ (၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီးဒေါ်တင်တင်ညွန့် တို့အား အမှူးထား၍ ဝန်ထမ်းမိသားစုများ၏ သောဠသမအကြိမ်၊  (၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉ ၃၀ အချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုနှင့် ဇနီးဒေါ်တင်တင်ညွန့်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညို ခဲ့ကြသည်။

          ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး  အနုပညာဦးစီးဌာနက ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ ထူးမခြားနားသီချင်းခံသုံးပိုဒ်ကို သီကျူးပူဇော်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးပြုသော ဝန်ထမ်းမိသားစုများက နေပြည်တော်၊ လယ်ဝေးမြို့၊ သရက်ခုန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒမာလာထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က လယ်ဝေးမြို့၊ သရက်ခုန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒမာလာ၊ ကထိန်ခံ ကျောင်းတိုက်များဖြစ်သော လယ်ဝေးမြို့၊ အင်တိုင်းသာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တမသာရနှင့် ပျဉ်းမနားမြို့၊ မြို့မစမ်းမြိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇိနောဒယ တို့ထံ ကထိန်လျာသင်္ကန်း၊ လှူဖွယ်နှင့် ဆွမ်းခဲဖွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်း မိသားစုများက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်အုပ်နာယက ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ ကထိန်အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကြသည်။

ယနေ့ကျင်းပသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်းငွေကျပ် ၁၁,၀၇၈,၀၀၀/- (တစ်ရာတစ်ဆယ်သိန်းခုနှစ်သောင်းရှစ်ထောင်ကျပ်တိတိ) လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။