ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးသည် ဘာသာရေးအရ အထွက်အမြတ်ထားသည့်နေရာတစ်ခုဖြစ်သကဲ့သို့ သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သဖြင့် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ သုတေသနပြုဆောင်ရွက် (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည်ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင်မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူး ဦးကိုကိုအေးတို့က လိုဏ်ဂူတော်ကြီး၏ သမိုင်းအကျဉ်း၊ နှစ်ကာလကြာမြင့် လာပြီဖြစ်သဖြင့်ပျက်စီးယိုယွင်းလာသည့်အခြေအနေများနှင့်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လိုဏ်ဂူတော်ကြီးသည် ဘာသာရေးအရ အထွတ်အမြတ်ထားသည့် နေရာတစ်ခုဖြစ်သကဲ့သို့ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သဖြင့် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ သုတေသန ပြုလုပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ အပေါ်ယံပျက်စီးယိုယွင်းမှုများကို ပြုပြင်မွမ်းမံခြင်း မဟုတ်ဘဲ ရှေးမူလက်ရာများကို မပျက်စီးအောင်ထိန်းသိမ်း၍ ခေတ်နှင့်လျော်ညီသည့်စနစ်များနှင့် ရေရှည်တည် တံ့ကောင်းမွန်စေနိုင်မည့် စနစ်များကို ထည့်သွင်းတွက်ချက်ပြုပြင်ဆေင်ရွက်ရန်လိုပြီး ပြုပြင် မွမ်းမံမည့် ဒီဇိုင်းများနှင့် အသုံးပြုမည့်ပစ္စည်းများကို အသေးစိတ် စဉ်းစားတွက်ချက်ဆောင်ရွက်ကြရန်လို ကြောင်း၊ ပြုပြင်မှုများကိုလည်း မှတ်တမ်းများ စနစ်တကျထားရှိရန်လိုကြောင်း၊ ရေစိမ့်ဝင်ခြင်းသည် အဆောက် အအုံများကို အဓိကပျက်စီးစေနိုင်သောကြောင့် ရေယိုစိမ့်မှုများ မဖြစ်ပေါ်စေရေးနှင့် မလိုအပ်သည့် အပင်များ ရှင်းလင်းရေး အတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ နှစ်ပေါင်းများစွာ တည်တံ့စေနိုင်သည့် အဆောက်အအုံ ဖြစ်စေရေး စနစ်တကျ ထိန်းသိမ်းပြုပြင်ကြရန်လိုကြောင်း၊ ပြုပြင်မှုများဆောင်ရွက်ရာတွင် ငွေကြေးနှင့်အချိန်ထက် ရေရှည်တည်တံ့စေရေး အပိုင်းလိုက်ခွဲ၍စနစ်တကျဖြင့် Fully Renovation ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ အခြားဘာသာဝင်များ၏အထင်ကရ သမိုင်းဝင်အဆောက်အအုံများကိုလည်း ပြုပြင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီးရှိ ပျက်စီးယိုယွင်းနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွန်မှာကြား၍ လိုဏ်ဂူတော်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်၊
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဟံသာသီရိ ကုန်းတော်ရှိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ လာရောက်စဉ် ခေတ္တသီတင်းသုံးသည့် အဆောင်များအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေး၍ စနစ်တကျ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းများဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားသည်။
အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးသည် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေပေါ်တွင်တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီ ခဲ့ကြောင်း၊ ဆောက်လုပ်ရေးအရာရှိနှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေးကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ဖြင့် ဆောက်လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေ ၁၀ ရက် တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လိုဏ်ဂူတော်ကြီး တွင် အကျယ် ၁၂ ပေရှိ ဝင်ပေါက် ခြောက်ခု၊ အတွင်းခန်းမကြီးသည် အလျား ပေ ၂၂၀၊ အနံ ပေ ၁၄၀ အကျယ်ရှိပြီး ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ရည်ညွှန်းသည့် အမြင့် ၅၅ ပေရှိ တိုင်ကြီး ခြောက်တိုင်ဖြင့် လိုဏ်ဂူတော်ကြီး၏အမိုးကို ထောက်မထား ကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ နှစ်နှစ်နှင့်ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သည့် အခမ်းအနားကြီးများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏ သက်တမ်းမှာ ၆၇ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် အကြီးစား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိရာ ၅၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။