သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

၁၇-၈-၂၀၂၁ ရက်နေ့၊ အင်္ဂါနေ့၊ ၀၉ ၃၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နန်းဦးပရိယတ္တိစာသင်တိုက်၌ ဇမ္ဗူသီရိမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယက အဖွဲ့(ဥက္ကဋ္ဌ)၊ ညောင်ကုန်း ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတန်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုခဲ့ပါသည်။

ဆွမ်းဆန်တော်၊ ဆီနှင့် ပဲဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ (ဥက္ကဋ္ဌ)၊ ညောင်ကုန်း ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုတော်မူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် အခမ်းအနားသို့ ကြွရောက်ချီးမြောက်တော်မူကြပါသော ပရိယတ္တိဝန်ဆောင် ဆရာတော်ကြီးများအား ကျန်းကျန်းမာမာဖြင့် ဖူးမြှော်ကြည်ညိုခွင့်ရရှိသဖြင့် ကုသိုလ်မင်္ဂလာတရားများ တိုးပွားရပါကြောင်း၊ ဘုရားတပည့်တော်တို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာအတွင်း ဆရာတော် သံဃာတော်များ ဆွမ်း၊ ကွမ်းကိစ္စများ ကြောင့်ကြမှုမရှိစေရန်အလိုငှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၁၇၇ ကျောင်းနှင့် သီလရှင် ၁၇ ကျောင်းတို့ အတွက် ဆွမ်းဆန်တော်အိတ် ၉၁၄ အိတ်ကို လှူဒါန်းပြီးဖြစ်ပါကြောင်း လျှောက်ထားခဲ့ပါသည်။

တပည့်တော်တို့အစိုးရအနေဖြင့် ၈-၂-၂၀၂၁ ရက်နေ့မှစ၍ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဘုရားစေတီပုထိုးများအား ရဟန်း၊ ရှင်၊ လူ ပြည်သူများ ဖူးမြော်ကြည်ညိုခွင့် ရရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊

ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပရိယတ္တိစာမေးပွဲများ ဖြစ်သည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ သဘောရေးဖြေစာမေးပွဲ၊ ပထမပြန်၊ ဓမ္မာစရိယစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ သာမဏေကျော်စာမေးပွဲများကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပွဲအခမ်းအနား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနား၊ မဟာဘွဲ့နှင်းသဘင်အခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်းနှင့် ဘုရားတပည့်တော်တို့ အစိုးရအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်အဓွန့်ရှည် တည်တံ့ စေရေးအတွက် ဆရာ/ဒကာလက်တွဲညီစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထား ခဲ့ပါသည်။

ထို့နောက် ‌နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ)၊ မစိုးရိမ်ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြား ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲတို့ကို ဆက်ကပ်လှူဒါန်းခဲ့ရာ ဇမ္ဗူသီရိမြို့နယ်မှ ဘုန်းတော်ကြီး‌ကျောင်း ၂၆ ကျောင်းတွင် သီတင်း သုံးတော်မူကြသော ရဟန်း၊ သာမဏေ ၇၈၄ ပါးနှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး‌ ကျောင်း ၉ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၂၉၆ ပါး၊ သီလရှင် ၈၈ ပါး၊ စုစုပေါင်း ရဟန်၊ သာမဏေ ၁၀၈၀ ပါးနှင့် သီလရှင် ၈၈ ပါး တို့အား ဆွမ်းဆန်တော် ၁၁၆ အိတ်၊ ဆီ ၃၅၀ ပိဿာနှင့် ပဲ ၄၆ အိတ်တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိ ရပါသည်။