သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

၁၉-၈-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်အောင်မြေ ရွှေလက်လှစေတီတော်၊ ဇမ္ဗူရာဇ်သိင်္ဂီသာသနာ့ဗိမာန်တော်၌ လယ်ဝေးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုပါသည်။

ဆွမ်းဆန်တော်၊ ဆီနှင့် ပဲဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ လယ်ဝေးမြို့နယ်၊ သရက်တောပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲ များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တာသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုတော်မူကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် အခမ်းအနားသို့ ကြွရောက်ချီးမြောက်တော်မူကြပါသော ပရိယတ္တိဝန်ဆောင် ဆရာတော်ကြီးများအား ကျန်းကျန်းမာမာဖြင့် ဖူးမြော်ကြည်ညိုခွင့်ရရှိသဖြင့် ကုသိုလ်မင်္ဂလာတရားများ တိုးပွားရပါကြောင်း၊ ဘုရားတပည့်တော်တို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆရာတော် သံဃာတော်များ ဆွမ်း၊ ကွမ်းကိစ္စများ ကြောင့်ကြမှုမရှိစေရန်အလိုငှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများ အတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင် ၁၈ ကျောင်းတို့အတွက် ဆွမ်းဆန်တော် အိတ် ၁၀၂၇ အိတ်ကို လှူဒါန်းပြီးဖြစ်ပါကြောင်းနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးများ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော် ၁၁၆ အိတ်၊ ဆီ ၃၅၀ ပိဿာ၊ ပဲ ၄၆ အိတ်တို့ကို လှူဒါန်းခဲ့ကြောင်း၊ တပည့်တော်တို့ အစိုးရအနေဖြင့် ၈-၂-၂၀၂၁ ရက်နေ့မှစ၍ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဘုရားစေတီပုထိုးများအား ရဟန်း၊ ရှင်၊

လူ ပြည်သူများ ဖူးမြော်ကြည်ညိုခွင့် ရရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပရိယတ္တိစာမေးပွဲများဖြစ်သည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ သဘောရေးဖြေစာမေးပွဲ၊ ပထမပြန်၊ ဓမ္မာစရိယစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ သာမဏေကျော်စာမေးပွဲများကိုလည်း အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါကြောင်း၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပွဲအခမ်းအနား၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနား၊ မဟာဘွဲ့နှင့်သဘင်အခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ ပါကြောင်းနှင့် ဘုရားတပည့်တော်တို့ အစိုးရအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်အဓွန့်ရှည် တည်တံ့စေရေးအတွက် ဆရာ/ ဒကာလက်တွဲညီစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားပါသည်။

ထို့နောက် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သရက်တောကျောင်းတိုက်၊ ပဓာန နာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၅၀၂ ပါးနှင့် သီလရှင်ကျောင်း ၄ ကျောင်းမှ သီလရှင် ၅၁၇ ပါးတို့အား ဆွမ်းဆန်တော် ၁၀၂ အိတ်၊ ဆီ ၃၀၅ ပိဿာ၊ ပဲ ၄၁ အိတ်တို့ကို လှူဒါန်းခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလများအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၆၂၄ ကျောင်းရှိ ရဟန်း၊ သာမဏေ ၁၄၈၈၄ ပါးနှင့် သီလရှင်ကျောင်း ၅၇ ကျောင်းရှိ သီလရှင် ၃၆၁၇ ပါးတို့အတွက် ဆွမ်းဆန်တော်အိတ် ၃၀၁၁ အိတ်၊ ဆီ ၆၅၅ ပိဿာနှင့် ပဲ ၈၇ အိတ်တို့ကို လှူဒါန်းခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၃ တိုက်မှ ရဟန်းသာမဏေ ၅၇၅၉ ပါးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်းသာမဏေ ၁၉၅၀ ပါး၊ စုစုပေါင်း စာသင်တိုက် ၂၃ တိုက်မှ ရဟန်းသာမဏေ ၇၇၀၉ ပါးတို့အတွက် ဆွမ်းပဒေသာပင် ငွေကျပ် ၁၄၀၀ သိန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။