သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကဗိမာန်နှင့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတို့၌ ကျင်းပြုလုပ်သော ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့သို့ သွားရောက်၍ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား သွားရောက်ဖူးမြော်ကြည်ညို

၉-၆-၂၀၂၁  ရက်နေ့၊ ၁၂ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကဗိမာန်နှင့် ဗုဒ္ဓ သာသနာပြုဗိမာန်တော်ကြီးတို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော် များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကဗိမာန်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူကြသော စာဖြေသံဃာတော်များနှင့် သီလရှင် များအား ဖူးမြော်ကြည်ညိုပါသည်။

ဆက်လက်၍ ၁၂ ၁၅ အချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုကာ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်းကို ဆက်ကပ်လှူဒါန်းပါသည်။

ထို့နောက် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ပြည်ထောင်စု ဝန်ကြီးက တပည့်တော်တို့ နိုင်ငံတော်အစိုးရအနေဖြင့် ပရိယတ္တိသာသနာတော်ဆိုင်ရာ စာမေးပွဲများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်ဩဝါဒနှင့်အညီ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာဖြေဌာနများတွင် တချိန်တည်း တစ်ပြိုင်တည်း ကျင်းပလျက်ရှိပါကြောင်း၊ နိကာယ်စာမေးပွဲများကိုလည်း မကြာမီ ဇွန်လတတိယပတ်တွင် ကျင်းပမည် ဖြစ်ပါကြောင်း တိပိဋကဓရ၊ တိပိဋက ကောဝိဒ ချီးကျူးပူဇော်ပွဲကိုလည်း ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဓမ္မာစရိယနှင့်ပါဠိ ပထမပြန် စာမေးပွဲအောင်စာရင်းတို့ကို ဇူလိုင်လတတိယပတ်၊ ဝါမဆိုမီကာလအတွင်း ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းစသည်ဖြင့် လျှောက်ထားပါသည်။ ဆက်လက်၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော် ကြည်ညိုပါသည်။

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၅၉ ဌာနတို့တွင် ၁-၆-၂၀၂၁ ရက်နေ့မှ ၉-၆-၂၀၂၁ ရက်နေ့အထိ ၉ ရက် တိုင်တိုင်

ကျင်းပလျက်ရှိပြီး ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ပါဠိပထမပြန်စာဖြေဌာန ၂၄၁ ဌာနတို့တွင် ၇-၆-၂၀၂၁ ရက်နေ့မှ ၁၃-၆-၂၀၂၁ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

ယနေ့ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းစာဖြေဌာန၌ စာဖြေသံဃာတော် ၁၆၅ ပါးနှင့် သီလရှင် ၂၁ ပါး၊ စုစုပေါင်း ၁၈၆ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိပါသည်။

သာသနာရေးဦးစီးဌာန