နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်

၃၁-၁၀-၂၀၂၀ ၊ ရန်ကုန်

          မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ Covid-19 ကပ်ရောဂါဘေးကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ (၃၁-၁၀-၂၀၂၀ ရက်နေ့)၊ ၀၇ ၂၀ အချိန်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်းပရိတ် တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ကြပါသည်။

          မြတ်စွာဘုရားရှင်အား ဦးထိပ်ထား၍ သာသနာ့ဦးသျှောင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက မေတ္တာ၊ ကရုဏာရှေ့သွားပြုပြီး အားကောင်းသော အရံအတား ပရိတ်တော်များ ဖြစ်သည့် ရတနာသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ ဝဋသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်နှင့် အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူခဲ့ပါသည်။

          သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီးတွင် ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်(၁၇-၉-၂၀၂၀ ရက်နေ့)ကလည်း သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာ နာယကကျောင်းဆောင်တွင် ဝါဆိုဝါကပ်သီတင်းသုံး သာသနာ့တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန