ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၂၇-၁၀-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်းကျောင်းတိုက်၊ ဓမ္မဝိဇယဗိမာန်တော်၌ ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဏိဇောတိကကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတမထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီး ၅ ပါးကြွရောက်တော်မူခဲ့ကြပြီး သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

          ဆွမ်းဆန်တော်လှူဒါန်းပွဲ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဏိဇောတိကကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမ မထေရ်မြတ်ကြီးထံမှ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး ဦးဆောင်သော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ်တရားတော် များကို နာယူကြည်ညိုကြခဲ့၍ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ထို့နောက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ ရာဇဓာနီ သာမဏေကျော်ကျောင်းတိုက် ပဓာနနာယက ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇောဘာသ မထေရ်မြတ်ထံမှ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာ တရားနာကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၆၁ ကျောင်းတို့၌ သီတင်းသုံး ဝါဆိုတော်မူကြသော ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော် ၁၁၆ အိတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။