ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

၂၄-၁၀-၂၀၂၀ ရက်‌နေ၊ ၀၉ ၃၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာ ထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညို ခဲ့ကြပါသည်။

               အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ကာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ်မြတ်ကြီးထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  ဆွမ်းဆန်တော်များ  ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

            ထို့နောက် နေပြည်တော်၊ တပ်ကုန်းမြို့၊ မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယက မဟာဂန္ထဝါစ ကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရားနာကြား ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်း၊ သီလရှင်ကျောင်း ၅ ကျောင်း တို့တွင် သီတင်းသုံးနေထိုင်တော် မူကြသော ရဟန်း၊ သာမဏေ ၇၀၉ ပါး၊  သီလရှင် ၁၆၉ ပါး၊ စုစုပေါင်း ၈၇၈ ပါးတို့အား စုစုပေါင်း ဆွမ်းဆန်တော် ၁၄၄ အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန