ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၂၃-၁၀-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ နန်းဦးကျောင်းတိုက်၊ ဓမ္မာရုံကြီး၌ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူခဲ့ကြပြီးသာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

            အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို  အမှူးပြုသော  ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး  ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

            ထို့နောက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ ရှားတော ကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တဥတ္တရထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမော ဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ  “ဗုဒ္ဓသာသနံ  စိရံ  တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းတို့တွင် သီတင်းသုံးဝါဆိုတော်မူကြသော ရဟန်း၊ သာမဏေ  ၆၄၁ ပါးအတွက် ဆွမ်းဆန်တော်အိတ် ၈၂ အိတ်အားလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၄၀ ကျောင်းနှင့် သီလရှင်ကျောင်း ၁ ကျောင်းတို့တွင် သီတင်းသုံးဝါဆိုတော်မူကြသော ရဟန်း၊ သာမဏေ ၆၁၇ ပါး၊ သီလရှင် ၉၇ ပါးတို့အတွက် ဆွမ်းဆန်တော်အိတ် ၁၃၂ အိတ်အားလည်းကောင်း၊ စုစုပေါင်း ဆွမ်းဆန်တော် ၂၁၄ အိတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန