နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

၁၇-၁၀-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၊ ရွှေကျောင်းဆောင်၌ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။

          အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့သည်။

          အဆိုပါ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၅၀၂ ပါး၊ သီလရှင် ၅၁၇ ပါးတို့အား စုစုပေါင်း ဆွမ်းတော် ၁၄၅ အိတ် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။