(၆) ဝေဠုဝန်နိကာယဂိုဏ်း

ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက် သီလရှင်ကျောင်းအတွင်းရှိ ဝါးကျောင်း၌ နေထိုင်သောကြောင့် ယင်းကျောင်း ဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟု ခေါ်ဆိုကြသည်။  ဝေဠုဝန်၏ အဓိပ္ပါယ်မှာ (ဝေဠု+ဝန=ဝါး+တော) ဝါးတောဟုဆိုလိုသည်။ ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်း တိုက်ကို တည်ပြီးနောက် အင်းလျား ဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့် မြန်အောင်မြို့များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏ တပည့် သံဃာများကို ဝေဠုဝန်ဂိုဏ်းဟု ခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ဝေဠုဝန် ဒွါရဟုလည်း ခေါ်ဆိုကြသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲဆရာတော်မှာ သက်တော်၉၅-နှစ်၊ သိက္ခာတော် ၇၅-ဝါရှိ ဘဒ္ဒန္တဇောတိဿရ ဖြစ်ပါသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကို ကပ်လှူခံရပြီး ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ ခေမာသီဝံကျောင်းတိုက်တွင် သီတင်းသုံးတော်မူပါသည်။

(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း

စစ်ကိုင်းမြို့ အနောက်ဘက် မင်းဝံတောင်တန်း၌ ပဇင်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူ ဖြစ်လာပြီး ယင်းငှက်များရှိသောနေရာ၌ တည်သောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ ငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍဝသည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိ ပဋ္ဌာန်သုတ်တော်လာ ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ပြီး ဟောကြားပြသသည်။

ထို့အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော ဘုံသုံးပါးကို ဟောပြောလေ့ရှိရာ နိဗ္ဗာန်ကို ထည့်သွင်း၍ ဘုံ၄-ပါးရှိသည်ဟု ဟောပြောခြင်းကြောင့် စတုဘုမ္မိက (စတု=လေး+ဘုမ္မိက =ဘုံရှိခြင်း)ဟု အမည်တစ်ခု ထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိက မဟာသတိ ပဋ္ဌာန်ငှက်တွင်းဂိုဏ်းဟု ​ခေါ်ဆိုကြသည်။

ဤဂိုဏ်းမှာ သီလခံယူဆောက်တည်ရာ၌ အများနှင့်မတူ ကွဲပြားသည်။ အဘိဇ္စျာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိဟူသော မနောကံသုံးပါးကို သီလအဖြစ် ထည့်သွင်းဆောက်တည်ခြင်း ပြုကြသည်။ မြတ်စွာ ဘုရားအား ဆွမ်းကပ်၊ ပန်းကပ်၊ ဆီမီးကပ်လှူခြင်းကို အပြစ်တင်ပြောဆိုကြသဖြင့် ကျန်သော အခြားဂိုဏ်းများနှင့် ပဋိပက္ခဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်မူ အများနှင့်ဆန့်ကျင်ဘက် ဟောပြောခြင်း ကို ရှောင်ကြဉ်လာကြသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲ (ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၈၃-နှစ်၊ သိက္ခာတော် ၆၃-ဝါရှိ ဘဒ္ဒန္တသုန္ဒရ ဖြစ်ပါသည်။ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဖြစ်၍ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ကို ကပ်လှူခံယူပြီး တောင်ငူမြို့၊ ဦးမှန်လမ်း စတုဘုမ္မိကမဂ္ဂင်ရိပ်သာကျောင်း တွင် သီတင်းသုံးလျက်ရှိပါသည်။

(၈) ဂဏဝိမုတ်ကူးတို့ဂိုဏ်း

ထားဝယ်မြို့နယ်၊ ကူးတို့ရွာမှ ဆရာတော် ဦးဣန္ဒဝံသသည် တောရဆောက်တည်၍ တရား ကျင့်သုံးလျက်ရှိသည်။ သုဓမ္မာဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ် သဖြင့် ယင်းသို့ ဆင့်ခေါ်ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာ တင်သွင်းခဲ့သည်။ သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈-ခုနှစ်တွင် ယင်းတောရကျောင်း ဆရာတော်ကြီး ကို ဆင့်ခေါ်ခြင်း မပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် ဂဏဝိမုတ္တိ(ဂဏ=ဂိုဏ်း+ဝိမုတ္တိ=အလွတ်) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။

ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်ကို ဂဏဝိမုတ်ကူးတို့ဂိုဏ်းဟု ခေါ်ဆို ကြသည်။ သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သော ကူးတို့ရွာမှ ဆရာတော်ကြီး၏ တပည့်သံဃာများဟု ဆိုလိုသည်။

လက်ရှိ ဂဏဓိပတိ၊ ဂိုဏ်းအကြီးအကဲ(ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၉၀-နှစ်၊ သိက္ခာတော် ၇၀-ဝါရှိ ဘဒ္ဒန္တအရိန္ဒမ ဖြစ်ပါသည်။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ကပ်လှူခံရပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်ကွက်၊ ဇေယျဝတီကျောင်းတိုက် တွင် သီတင်းသုံးတော်မူပါသည်။

(၉) ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း

မဟာရင်ဆရာတော်သည် ၁၂၀၃-ခုနှစ်တွင် ထိုင်းနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်အမည်မှာ ဦးရင် ဖြစ်သည်။ ထိုင်းနိုင်ငံ ဓမ္မယုတ္တိနိကာယ (ထမယွတ်)ဂိုဏ်း၌ ရဟန်းပြု၍ မဟာအဆင့်အတန်း အောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါ ဦးရင်၏အမည်သည် မဟာဘွဲ့ နှင့် ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။ မဟာရင်အမည်ရှိ ဆရာတော်ကြီးသည် မော်လမြိုင်မြို့နယ်၊ ကတိုးရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏ တပည့်သံဃာများကို မဟာရင်ဂိုဏ်းဟု ခေါ်ဆိုကြသည်။ ထိုင်းနိုင်ငံရှိ မူလပင်မဂိုဏ်း၏ အမည်ကို ပူးတွဲ၍ ဓမ္မယုတ္တိနိကာယ မဟာရင် ဂိုဏ်းဟု ခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာ (ဓမ္မ=တရားတော်ကို+ ယုတ္တိ=အထောက်အထားပြုသော+ နိကာယ=သံဃာအစုအဝေး)ဟူ၍ ဖြစ်သည်။

လက်ရှိ ဂဏဓိပတိ၊ ဂိုဏ်းအကြီးအကဲ(ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၉၁-နှစ်၊ သိက္ခာတော် ၇၁-ဝါရှိ ဘဒ္ဒန္တအာဒိစ္စ ဖြစ်ပါသည်။ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဖြစ်၍ အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့များကို ကပ်လှူခံရပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးရွာ၊ မဟာရင်ကျောင်းတွင် သီတင်းသုံးတော်မူပါသည်။