ကမ္ဘာအေးဗုဒ္ဓသာသနာ့‌သံဃာ့ဆေးရုံတွင် ကိုဗစ်−၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသနေသော ရဟန်းသံဃာတော်များအခြေအနေအား အသိပေးနှိုးဆော်ခြင်း

ကိုဗစ်−၁၉ ရောဂါခံစားနေရသော ရဟန်းသံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနိုင်ရေးအတွက် ၂၆−၇−၂၀၂၁ ရက်နေ့မှစ၍ ဆေးရုံဖွင့်လှစ်ကာ ရဟန်းသံဃာတော်များအား ကုသပေးလျက်ရှိပါသည်။

ထိုသို့ ဆေးရုံတက်ရောက်ကုသနေသည့် ရဟန်းသံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကုသရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတို့ကို စီမံဆောင်ရွက်ပေးလျက် ရှိပါသည်။

အဆိုပါ ဆေးရုံတက်ရဟန်းသံဃာတော်များအတွက် လိုအပ်သော အောက်ဆီဂျင်အိုးများ၊ ဆွမ်း/ကွမ်း စသည့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအဆင်ပြေချောမွေ့စေရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အောက်ဖော်ပြပါဦးစီးကော်မတီနှင့်ဆပ်ကော်မတီ အသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်−

(က)    သံဃာတော်များ/လူပုဂ္ဂိုလ်များ ပင့်ဆောင်ကုသနိုင်ရေး ဦးစီးကော်မတီ

(ခ)     အောက်ဆီဂျင်ရရှိရေး၊ သက်ဆိုင်ရာစက်ရုံသို့ သွားရောက်ထုတ်ယူရေးနှင့် ဆေးရုံတက် သံဃာတော်/လူပုဂ္ဂိုလ်များ စာရင်းပြုစုရေး ဆပ်ကော်မတီ

(ဂ)     ဆွမ်းကွမ်းဝေယျာဝစ္စဆောင်ရွက်ရေးဆပ်ကော်မတီ

(ဃ)    ရေ/မီး ၊ မိလ္လာ၊ အမှိုက် သန့်ရှင်းရေးနှင့် လုံခြုံရေးဆပ်ကော်မတီ

(င)     ကြိုဆိုပင့်ဆောင်ရေးနှင့်နေရာချထားရေးဆပ်ကော်မတီ

(စ)     ဘဏ္ဍာရေးဆပ်ကော်မတီ

          အောက်ဆီဂျင်များကို အချိန်မီရရှိရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက် ပေးမှုဖြင့် လှိုင်သာယာမြို့နယ်ရှိ 2000 အောက်ဆီဂျင်စက်ရုံ၊ ရွှေပြည်သာမြို့နယ်ရှိ Unity အောက်ဆီဂျင် စက်ရုံ၊ ကမာရွတ်မြို့နယ်ရှိ ဆင်မလိုက်သင်္ဘောကျင်းအောက်စီဂျင်စက်ရုံများသို့ သာသနာရေးဦးစီး ဌာနပိုင်မော်တော်ယာဉ်များဖြင့် နေ့စဉ်သွားရောက်ထုတ်ယူကာ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ တာဝန်ကျဆရာဝန်များထံအပ်နှံပေးလျက်ရှိရာ ၂၅−၇−၂၀၂၁ ရက်နေ့မှ ၃−၉−၂၀၂၁ ရက်နေ့ထိ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၄၁၀ လုံး ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

၂၆−၇−၂၀၂၁ ရက်နေ့မှ ၃−၉−၂၀၂၁ ရက်နေ့ထိ ဆေးရုံတက် သံဃာတော် ၂၀ ပါးရှိပြီး ယင်းသံဃာတော် ၂၀ ပါးအနက် ဆေးရုံဆင်း ၁၀ ပါး၊ ပျံလွန် ၆ ပါးနှင့် လက်ရှိကုသဆဲ ၄ ပါး ရှိပါသည်။

ဆေးရုံတက်ရောက်ကုသနေသည့် သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်ညနေဖြည့်စွက် အာဟာရ(ကြက်ဥ၊ ငှက်ပျော်သီး၊ ကြက်စွပ်ပြုတ်၊ ဆိတ်စွပ်ပြုတ်၊ ဆန်ပြုတ်၊ နို့ဆန့်ပြုတ်၊ မြူစွမ်၊ အိုဗာတင်း၊ ကြက်ပေါင်းရည်၊ ငှက်သိုက်၊ ဒိန်ချဉ်၊ ပဲနို့ရည်၊ အချိုရည်တို့ကို ဆရာဝန်များ၏အကြံပြုချက်ဖြင့် နေ့စဉ်ဆက်ကပ်လှူဒါန်းခြင်း)တို့ကို နိုင်ငံတော်သံဃမဟာနာယကဆွမ်းချက်ဆောင်မှ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သန့်ရှင်း လတ်ဆတ်သော ဆွမ်း၊ ဆွမ်းဟင်း၊ အသားငါးများ၊ အသီးအနှံ များကို တစ်ခါသုံးကော်ဘူး၊ ဇွန်းများဖြင့် တာဝန်ယူချက်ပြုတ်ဆက်ကပ်လှူဒါန်းလျက်ရှိပါသည်။

          ဆေးရုံတက် ရဟန်းသံဃာတော်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ(Volunteer)များကို ဆက်ကပ်လှူဒါန်း/ကျွေးမွေးနိုင်ရန်အတွက် သာသနာရေးဦးစီးဌာနမှ လှူဒါန်းငွေကျပ်သိန်း ၂၀၀၊ အလှူခံရရှိငွေ ၁၂၂,၆၀၀၀ဝိ/-၊ စုစုပေါင်းငွေကျပ် ၃၂၂,၆၀၀၀ဝိ/- တို့ဖြင့် ရဟန်းသံဃာတော်များအတွက် အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေဖြည့်စွက်အာဟာရတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ပရဟိတ(Volunteer)များအား နံနက်၊ နေ့လယ်နှင့် ညနေစာများကျွေးမွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ရာ ငွေကျပ် ၁၅၅,၂၂၅၀ဝိ/- သုံးစွဲကုန်ကျခဲ့ပြီး ၃-၉-၂၀၂၁ ရက်နေ့ထိလက်ကျန်ငွေ စုစုပေါင်းမှာ ၁၆၇,၃၇၅၀ဝိ/- ကျပ် ရှိပါသည်။

          ၃-၉-၂၀၂၁ ရက်နေ့ထိ ၄၀ လီတာဆံ့အောက်ဆီဂျင်အိုး ၉၅ လုံး၊ Flow Meter ၆၅ ခု၊ Oxygen Concentrator ၄ လုံး၊ ကုသရေးဆိုင်ရာဆေးဝါးပစ္စည်းများအနေဖြင့် Remdesivir for Injection 100 mg/Vial Covifor အမျိုးအစား ၆ ဘူး၊ Favipiravir Tablets 400 mg ၄ ဘူး၊ Beta Clucan, Elderberry, Acerola Ascobic Acid and Zinc Capsules ၃ ဘူး၊ Vitamin c chewable tablet 500 mg ၁ ဘူး၊ BRANDS ကြက်ပေါင်းရည် ၅ ကတ်စသည်တို့ကို အလှူခံရရှိခဲ့ပြီး ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံ တာဝန်ကျဆရာဝန်များမှတစ်ဆင့် ဆေးရုံတက်ရဟန်းသံဃာတော်များအတွက် အသုံးပြုလျက်ရှိပါသည်။

ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော ရဟန်းသံဃာတော်များအတွက် အောက်ဆီဂျင်အိုးများ၊ Oxygen Concentrator များ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေအချိုရည်အတွက် သံဃာတော်တစ်ပါးလျှင် ၇၀၀ဝိ/-နှုန်းဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်-

  • ဦးနိုင်အောင်မိုး

ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန

ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ

ဖုန်း-၀၉၄၄၅၅၆၀၀၀၆

  • ဦးသန်းအေးအောင်

ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်၊  ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ

ဖုန်း-၀၉၄၂၀၇၀၁၄၅၄

  • ဦးရဲထွဋ်

ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန

အတွင်းရေးမှူး၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ

ဖုန်း- ၀၉၅၀၅၈၆၁၀