သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပြုလုပ်သော အစိုးရဓမ္မာစရိယစာမေးပွဲသို့ ကြွရောက်တော်မူကြသည့် ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား သွားရောက်ဖူးမြော်ကြည်ညို

၁-၆-၂၀၂၁ ရက်နေ့၊ ၁၂ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးတွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော် ကြည်ညိုပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပျဉ်းမနားစာဖြေဌာန  ကြီးကြပ်ရေး ဆရာတော်ကြီးများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်းကို ဆက်ကပ်လှူဒါန်းပါသည်။

ထို့နောက် ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ပြည်ထောင်စုဝန်ကြီးက တပည့်တော်တို့ နိုင်ငံတော်အစိုးရအနေဖြင့် ပရိယတ္တိသာသနာတော်ဆိုင်ရာ စာမေးပွဲများကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက် ဩဝါဒနှင့်အညီ ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ(သဘောရေးဖြေ)စာမေးပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုအစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာဖြေဌာနများတွင် တချိန်တည်း တစ်ပြိုင်တည်း  ကျင်းပလျက် ရှိပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်ဩဝါဒနှင့်အညီ နိကာယ်စာမေးပွဲများကိုလည်း မကြာမီ ဇွန်လတတိယပတ်တွင် ကျင်းပမည်ဖြစ်ပါကြောင်း စသည်ဖြင့် လျှောက်ထားပါသည်။ ဆက်လက်၍ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော်ကြည်ညိုပါသည်။

ယနေ့ကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်နှစ် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာ စရိယစာမေးပွဲ၊ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ဘာသာကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားစာဖြေဌာနနှင့် တပ်ကုန်းစာဖြေဌာနတို့၌ စာဖြေသံဃာတော် ၂၉၇ ပါး နှင့် သီလရှင် ၃၁ ပါးနှင့် လူပုဂ္ဂိုလ် ၁ ဦး၊ စုစုပေါင်း ၃၂၉ ပါး/ဦးတို့ ဝင်ရောက်ဖြေဆိုတော်မူကြကြောင်း သတင်းရရှိပါသည်။