အခြေပြုမူလတန်း

          ၁၉၈၄ ခုနှစ် မတိုင်မီ အခြေပြုမူလတန်းကို ကျောင်းတိုက်အဆင့် စာမေးပွဲအဖြစ်သတ်မှတ်၍ အခြေပြုမူလတန်း အောင်မြင်သောပုဂ္ဂိုလ်များကို ပထမငယ်တန်းဆိုင်ရာ ပြဋ္ဌာန်းကျမ်းစာများကို သင်ကြားပို့ချ၍ ပထမငယ်တန်းသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျင်းပသော စာမေးပွဲများတွင် အခြေပြုမူလတန်း ဝင်ရောက် ဖြေဆိုသည့် စာသင်သားများမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသဖြင့် စာဖြေသံဃာများ

ထိန်းသိမ်းရာတွင် ခက်ခဲခြင်း၊ ကြီးကြပ်မှုခက်ခဲခြင်းတို့ကြောင့် မြန်မာနိုင်ငံတော်တဝန်းလုံးရှိ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဆရာတော်များ၊ စာသင်တိုက်ကြီး များမှ ပဓာနနာယက ဆရာတော်ကြီးများ၊ ခရိုင်အလိုက် ပင့်ဆောင်၍ ၂ဝဝ၂ ခုနှစ် ပထမပြန်စာမေးပွဲမှ စ၍ အခြေပြုမူလတန်းစာမေးပွဲကို မကျင်းပတော့ဘဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းကိုသာ ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ လျှောက်ထားခဲ့ရာ ဆရာတော်ကြီးများအားလုံးက သဘောတူညီတော်မူသဖြင့် ၂ဝဝ၂ ခုနှစ်မှစ၍ အခြေပြုမူလတန်းစာမေးပွဲကို မကျင်းပတော့ဘဲ ရပ်ဆိုင်း ခဲ့ပါသည်။

တစ်ဖန် (၁၇-၇-၂ဝဝ၂)ရက်နေ့တွင် ကျင်းပသော ပဉ္စမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးက ပထမပြန်စာမေးပွဲ အခြေခံစည်းမျဉ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်း၍ ပထမပြန်စာမေးပွဲကို အခြေခံစည်းမျဉ်းရေးဆွဲရန် တာဝန်ပေးခဲ့ပါသည်။

ယင်းအဖွဲ့က ပထမပြန်စာမေးပွဲ အခြေခံစည်းမျဉ်းမှာ ယခင်ပြဋ္ဌာန်းခဲ့သည့် မြန်မာစာ ဘာသာရပ် အစား ဘာသာပြန်ဘာသာကို ပြဋ္ဌာန်းခဲ့ပါသည်။ ပထမပြန်စာမေးပွဲအခြေခံစည်းမျဉ်း (မူကြမ်း)ကို   (၂၇-၁၁-၂ဝဝ၂)ရက်နေ့တွင် ကျင်းပသော ပဉ္စမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့(၄၇)စုံညီ ဆဋ္ဌအစည်းအဝေးသို့ တင်ပြခဲ့ရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးသို့ ဆက်လက် တင်ပြရန် ဆုံးဖြတ်ခဲ့ပါသည်။

ယင်းဆုံးဖြတ်ချက်အရ (၁၂-၃-၂ဝဝ၃)နေ့ ပဉ္စမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးသို့တင်ပြရာ အတည်ပြုခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ပထမ ပြန် စာမေးပွဲများကို အခြေခံစည်းမျဉ်းနှင့်အညီ ကျင်းပခဲ့ပါသည်။

(၂၈-၂-၂ဝ၁၂)ရက်နေ့တွင် ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆဋ္ဌ အစည်းအဝေးမှ ၂ဝ၁၃-ခုနှစ်မှစ၍ စာမေးပွဲဖြေဆိုချိန်နှင့် မေးခွန်းပုစ္ဆာတူညီမှု တစ်ပြေးညီ ဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်အရ ၂ဝ၁၃ ခုနှစ်မှစ၍ ပထမပြန်စာမေးပွဲကို မြန်မာ တစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန (၂၃၈)ဌာနတွင် ဗဟိုမှ ပုစ္ဆာများကို တစ်ပြိုင်တည်း ပြန်လည်ဖြေဆို ကျင်းပခဲ့ပါသည်။

 

အောင်လက်မှတ်နှင့်ဆုတော်ငွေများ လှူဒါန်းခြင်း

ပထမငယ်တန်းအောင်မြင်ပါက အောင်လက်မှတ်နှင့် ဆုစာအုပ်အဖြစ် ယမိုက်အရကောက် ပြဋ္ဌာန်းကျမ်းစာအုပ်၊ စာအောင်ဆုငွေ (၁၂ဝဝ)ကျပ် လှူဒါန်းပါသည်။

ပထမလတ်တန်းအောင်မြင်ပါက အောင်လက်မှတ်နှင့် ဆုစာအုပ်အဖြစ် အဘိဓာန်အင်္လာဆန်းနှင့် ပဋ္ဌာန်း အရကောက်ကျမ်း၊ စာအောင်ဆုငွေ (၁၈ဝဝ)ကျပ် လှူဒါန်းပါသည်။

ပထမကြီးတန်း အောင်မြင်ပါက အောင်လက်မှတ်နှင့် ဆုစာအုပ်အဖြစ် အဋ္ဌကထာသုံးကျမ်း (၄)အုပ်၊ စာအောင်ဆုငွေ (၂၄ဝဝ)ကျပ် လှူဒါန်းပါသည်။

 

ပြဋ္ဌာန်းကျမ်းစာနှင့် သတ်မှတ်ချက်များ

ဒွေမာတိကာ၊ သဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟ၊ တိက၊ ဒုကမာတိကာနှင့် ဓာတုကထာ၊ အဘိဓာန်၊ အလင်္ကာဆန်း၊ ယမိုက်အရကောက်၊ ပဋ္ဌာန်းအရကောက်၊ ဘာသာပြန်တို့ ဖြစ်သည်။

ပထမကြီးတန်း(၇)ဘာသာ၊ ပထမလတ်တန်း (၆)ဘာသာ၊ ပထမငယ်တန်း(၅)ဘာသာ ဖြေဆိုရသည်။ စာမေးပွဲဖြေဆိုချိန်မှာ မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီအထိ (၃)နာရီ မေးခွန်းဖြစ်ပြီး ပထမကြီးတန်း(၁၀)ပုဒ်၏ အောင်မှတ်မှာ ၄၀%၊ ပထမလတ်တန်း (၈)ပုဒ်၏အောင်မှတ်မှာ ၃၂%၊ ပထမငယ်တန်း(၆)ပုဒ်၏အောင်မှတ်မှာ ၂၄% ဖြစ်သည်။

ပထမကြီးတန်းအောင်မြင်သူများမှ အမှတ်အများဆုံး ပုဂ္ဂိုလ်အား ပထမကျော်ဘွဲ့ ဆက်ကပ်ပြီး ဒုတိယ၊ တတိယ နှင့် သီလရှင်အောင်မြင်သူများအနက် သီလရှင်ပထမ ကိုလည်း ရွေးချယ်ချီးမြှင့်ပါသည်။

ပထမလတ်တန်းအောင်မြင်သူများမှ အမှတ်အများဆုံး ပုဂ္ဂိုလ်များအား ပထမ၊ ဒုတိယ၊ တတိယ နှင့် သီလရှင် ပထမတို့ကို ရွေးချယ်ချီးမြှင့်ပါသည်။

ပထမပြန်စာမေးပွဲကို ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူဝတ်ကြောင် မည်သူမဆို ဝင်ခွင့်ရှိသည်။

ပထမငယ်တန်းသို့ ဝင်ခွင့်ရသော အငယ်ဆုံးအသက်မှာ (၁၃)နှစ်ဖြစ်သည်၊ စာဖြေသော အချိန်တွင် အသက် (၁၃)နှစ်တင်းတင်းပြည့်ရမည်။ အသက်(၁၃)နှစ်မပြည့်လျှင် ဝင်ခွင့်မပြု။

ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲများကို နှစ်စဉ် မတ်လနှင့် ဧပြီလတွင်ကျင်းပပြီး ဇွန်လ နှင့် ဇူလိုင်လတွင် (ဝါမဝင်မီ) အောင်စာရင်းထုတ်ပြန်ကာ အထူးအောင်နှင့် အောင်လက်မှတ် ဆက်ကပ်သည့် မဟာဘွဲ့နှင်းသဘင်ကို ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင်(ရန်ကုန်၊ မန္တလေး) တစ်လှည့်စီကျင်းပပါသည်။

 

ပထမပြန်စာမေးပွဲ စာဖြေဌာနများစာရင်း

 

စဉ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပထမပြန်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
ချင်းပြည်နယ်
စစ်ကိုင်းတိုင်း ၂၅
တနင်္သာရီတိုင်း
ပဲခူး(အရှေ့) ၁၄
ပဲခူး(အနောက်) ၁၄
၁၀ မကွေးတိုင်း ၁၇
မန္တလေးတိုင်း ၂၈
၁၀ နေပြည်တော်
၁၁ မွန်ပြည်နယ် ၁၁
၁၂ ရခိုင်ပြည်နယ် ၁၇
၁၃ ရန်ကုန်တိုင်း ၄၂
၁၄ ရှမ်း(တောင်) ၁၄
၁၅ ရှမ်း(မြောက်)
၁၆ ဧရာဝတီ ၂၆
စုစုပေါင်း ၂၃၈