အထွေထွေ(ဝိနိစ္ဆယလက်စွဲ)

၃၅၆။        ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းဖြင့် စွဲဆိုလိုက်သော စောဒကသည် သက်ဆိုင်ရာ မြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ မရှိလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယက အဖွဲ့၌ စွဲဆို နိုင်သည်။

၃၅၇။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့သည် အပိုဒ်(၃၅၆)အရ စွဲဆိုလာသော အမှုကို မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ နီးစပ်သင့်လျော်ရာ မြို့နယ်သံဃနာယကအဖွဲ့အား သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် အမှုတွဲကို လွှဲပြောင်းပေးအပ်ဆောင်ရွက်စေရမည်။

၃၅၈။        သက်ဆိုင်ရာ မြို့နယ်တွင် သံဃနာယကအဖွဲ့ရှိသော်လည်း ဝိနည်းဓိုရ် မရှိလျှင်၊ သို့မဟုတ် သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းနိုင်လောက်အောင် ဝိနည်းဓိုရ်မရှိလျှင် သံဃနာယကအဖွဲ့သည် အမှုကို စိစစ်လက်ခံပြီး တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့သို့ အခြေအနေကို လျှောက်ထား၍ အမှုတွဲကို လွှဲပြောင်းပေးပို့ရမည်။

၃၅၉။        တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့သည် အပိုဒ်(၃၅၈)အရ လွှဲပြောင်း ပေးပို့လာသော အမှုတွဲကို စိစစ်လက်ခံ၍ မိမိတိုင်း​ဒေသကြီး/ပြည်နယ်အတွင်းရှိ နီးစပ်သင့်တော်ရာ မြို့နယ်သံဃနာယက အဖွဲ့သို့ သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် အမှုတွဲကို လွှဲပြောင်းပေးပို့ ဆောင်ရွက်စေရမည်။

၃၆၀။        သာသနာရေးဆိုင်ရာ ပစ္စည်းများကို လူပုဂ္ဂိုလ်/လူပုဂ္ဂိုလ်အဖွဲ့အစည်းက ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း အပိုဒ်-၃၇(ဆ)အရ စောဒက ပြုလုပ်စွဲဆိုရာတွင် သံဃိကပိုင်အဖြစ် ဆုံးဖြတ်ပေးရန် စွဲဆိုသော စောဒနာလွှာဖြစ်ပါက လက်ခံခြင်း မပြုရ၊ ရက္ခကဂေါပကအဖြစ် စွဲဆိုခြင်းဖြစ်ပါက လက်ခံရမည်။

၃၆၁။        သာသနာ့မြေပြင်ပ၌ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဘဏ္ဍာများကို တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည်ပြောင်းခြင်းများ မပြု လုပ်ရသေး၍ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းအပိုဒ်(၆၀)အရ ပယ်ချခြင်းခံရသော်လည်း တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည်ပြောင်းခြင်းများ ပြုလုပ်ပြီးသောအခါ အသစ်တစ်ဖန် စွဲဆိုခွင့်ရှိသည်။

၃၆၂။         သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၂(ဃ)အရ စီရင်ဆုံးဖြတ်ချက်ကို ဖျက်ခြင်း၊ ပြင်ခြင်း စသည်လုပ်ပိုင်ခွင့်မရှိ၊ သို့ရာတွင် ယင်းဆုံးဖြတ်ချက်ကို ထိခိုက်ခြင်းမရှိသော လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်ချက်များကို အယူခံမှု လက်ခံသော သံဃနာယကအဖွဲ့က တောင်းခံ လာပါက ချို့ယွင်းချက် လိုအပ်ချက်များကို ပုံစံကျအောင် သဘာပတိ ဆရာတော်က ပြုပြင်ပေးရမည်။

၃၆၃။        ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများတွင် သတ်မှတ်ထားသောကာလ စည်းကမ်းသတ်များကို စောဒက, စုဒိတကများသည် တိကျစွာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာသော နစ်နာမှု များအတွက် မိမိတို့တာဝန်ဟု မှတ်ယူရမည်။

၃၆၄။        ကာလစည်းကမ်း သတ်မှတ်ရက်ကို ရေတွက်ရာတွင် သံဃဝိနိစ္ဆယအဖွဲ့ ဆုံးဖြတ်ချက်ချသည့် ရက်ကို ထည့်သွင်းရေတွက်ရမည်။

၃၆၅။        သတ်မှတ်ထားသော ရက်ပြည့်သည့်နေ့ ရုံးဖွင့်ချိန်အတွင်း (ညနေ ၄-နာရီ ၃၀-မိနစ်) ကာလကို နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ရမည်။

၃၆၆။        ကာလစည်းကမ်းသတ်ရက် ကုန်ဆုံးပြီးမြောက်သည့်နေ့သည် ရုံးပိတ်ရက်ဖြစ်နေပါက ယင်းရုံးပိတ်ရက်နှင့်ကပ်လျက်ရှိသော ပြန်လည်ရုံးဖွင့်ရက်ကို ကာလစည်းကမ်းသတ် ပြည့်မြောက် သည့်နောက်ဆုံးနေ့ဟု မှတ်ယူရမည်။

၃၆၇။        သံဃနာယကအဖွဲ့အဆင့်ဆင့်အတွက် သတ်မှတ်ထားသောကာလ စည်းကမ်းသတ် ရက်လွန် ခြင်းများကြောင့် ဝိနိစ္ဆယဆုံးဖြတ်ချက်ကို ထိခိုက်ပျက်ပြားခြင်း မရှိစေရ။ ရက်လွန်ရခြင်း အကြောင်းကို ပြည့်စုံစွာဖော်ပြ၍ အထက်သံဃနာယကအဖွဲ့သို့ အစီရင်ခံရမည်။

၃၆၈။        ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်း၌ သံဃဝိနိစ္ဆယဖွဲ့စည်းဆုံးဖြတ်ခြင်းပြုရာတွင် ကုန်ကျစရိတ် ကျခံသုံးစွဲနိုင်ရန်အတွက် မြို့နယ်ဆွမ်းကွမ်းဝေယျာဝစ္စအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ဆွမ်းကွမ်း ဝေယျာဝစ္စအဖွဲ့များ၊ သို့မဟုတ် အမှုစစ်ဆေးနိုင်ရန် တာဝန်ခံ ဆောင်ရွက်ပေးသော ဥပတ္ထမ္ဘက/ သာသနာရေးမှူးသည် သံဃဝိနိစ္ဆယအဖွဲ့ မဖွဲ့စည်းမီ စောဒက, စုဒိတကတို့ထံမှ အလှူငွေများ သတ်မှတ် ကောက်ခံ ဆောင်ရွက်နိုင်သည်။

၃၆၉။        ယင်းသို့ အလှူခံရာတွင် စုဒိတကထံမှ စေတနာအလျောက် လှူဒါန်းငွေကို ကောက်ခံရန်နှင့် လိုအပ်သော ငွေအားလုံးကို စောဒကထံမှ အလှူငွေကောက်ခံ ဆောင်ရွက်ရမည်။

၃၇၀။        အနုဝါဒါဓိကရုဏ်းအတွက် အလှူခံရာ၌ သက်ဆိုင်ရာ သာသနာရေးမှူးက အမှုအလိုက် ချင့်ချိန်၍ သင့်လျော်သလို အလှူငွေကောက်ခံရမည်။ ပထမပါရာဇိက အနုဝါဒါဓိကရုဏ်းမှုတွင် ဝတ္ထုသည်မ ကိုယ်တိုင်စွဲဆိုပါက အလှူငွေ မ​ကောက်ခံရ။

၃၇၁။        သံဃဝိနိစ္ဆယအဖွဲ့သည် အမှုစစ်ဆေးနေစဉ်အတွင်း အကြောင်းတစ်ခုခုကြောင့် မှုခင်းစစ်ဆေး ခြင်းကို ဆိုင်းငံ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လမ်းညွှန်မှုတောင်းခံပါက လမ်းညွှန်မှုတောင်းခံ သည့်နေ့မှ လမ်းညွှန်ချက်ပြန်ကြားစာ ရရှိသည့်နေ့အထိ အဆိုပါရက်များကို ထုတ်ပယ်၍ ကာလစည်းကမ်း သတ်ရက်ကို ရေတွက်သတ်မှတ်ရမည်။

၃၇၂။         သံဃဝိနိစ္ဆယအဖွဲ့ကို ဝိနိစ္ဆယချမှတ်ပြီး သက်ဆိုင်ရာသံဃနာယကအဖွဲ့သို့ အမှုတွဲ လွှဲအပ် သည့်နေ့မှစ၍ ဖျက်သိမ်းပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

၃၇၃။        အနုဝါဒါဓိကရုဏ်းမှုခင်းဖြင့် စွဲဆိုရာ၌ အဆုံးအဖြတ်ခံရမည့် ရဟန်းကို စုဒိတကအဖြစ် ထား၍ စွဲဆိုစစ်ဆေး ဆုံးဖြတ်ရမည်။

၃၇၄။        ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝိနိစ္ဆယလက်စွဲအရ မရှင်းလင်းသော အချက်များနှင့် အဆုံးအဖြတ်ပေးရန် လိုအပ်သော အခြားအချက် များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ရမည်။

၃၇၅။        သံဃဝိနိစ္ဆယအဖွဲ့များသည် စစ်ဆေးသုံးသပ်ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် နောက်ဆက်တွဲပါ ဖော်ပြချက်များကို လိုအပ်သလို ထုတ်နုတ်သုံးစွဲနိုင်သည်။

 

 

Previous page       Next Page