၁၉၄။        စစ်ဆေးမေးမြန်းသူသည် အစစ်ဆေးခံရသူ၏ ဂုဏ်သိက္ခာကို ထိပါးစေလိုသောအားဖြင့် အမှုအတွက် အထောက်အကူမပြုသော မေးခွန်းမျိုးကို မေးစစ်ခြင်းမပြုရ။

၁၉၅။        စောဒကပြသက်သေ၊ စုဒိတကပြသက်သေတို့ကို တရားခွင်တွင် စစ်ဆေးရာ၌ တစ်ဦးချင်း ကိုသာ စစ်ဆေးရမည်။ သက်သေစာရင်းပါပုဂ္ဂိုလ်များကို ယင်းတို့အား မစစ်ဆေးမီ တရားခွင်၌ နားထောင်ခွင့်မပြုရန်နှင့် စစ်ဆေးပြီးသောသက်သေကို မစစ်ဆေးရသေးသော သက်သေများနှင့် တွေ့ဆုံစကားပြောခွင့် မပြုဘဲ သီးခြားခွဲထားရမည်။

၁၉၆။        ပထမပါရာဇိက အနုဝါဒါဓိကရုဏ်းမှုခင်းတွင် စောဒက၊ စုဒိတကနှင့် ယင်းတို့၏ သက်သေ များကို စစ်မေးရာ၌ စောဒက၊ စုဒိတကနှင့် တာဝန်ရှိသူ ရုံးဝန်ထမ်းများမှတစ်ပါး အခြားပုဂ္ဂိုလ်များကို လေ့လာနားထောင်ခွင့် အသံဖမ်းယူခွင့် မပြုရ။

၁၉၇။        သံဃဝိနိစ္ဆယအဖွဲ့ သဘာပတိဆရာတော်သည် အမှုစတင်စစ်ဆေးခြင်းမပြုမီ ရဟန်း၊ သာမဏေ၊ စောဒက၊ စုဒိတကနှင့် သက်သေဖြစ်ပါက မိမိသီလကို ဆင်ခြင်စေပြီးမှ လူစောဒက၊ စုဒိတကနှင့် သက်သေဖြစ်ပါက မုသာဝါဒ ဝိရတီသိက္ခာပုဒ်ကို ဆောက်တည်စေပြီးမှ စစ်ဆေးရမည်။ အခြားဘာသာဝင်ဖြစ်ပါက မိမိတို့၏ ဘာသာအရ မှန်ရာကို ထွက်ဆိုပါမည်ဟူသော ကတိဝန်ခံချက်ကို ပေးစေ၍ စစ်ဆေးနိုင်သည်။

၁၉၈။        စစ်ဆေးကြာနာရန် ချိန်းဆိုသောနေ့တွင် သံဃဝိနိစ္ဆယအဖွဲ့ စုံညီစွာ ရောက်ရှိသည့်အခါ စောဒကကို ရှေးဦးစွာ စစ်ဆေးရမည်။ ထို့နောက် စောဒကပြသက်သေများ(အားလုံး)ကို စစ်ဆေးရမည်။ ယင်းတို့ကို စစ်ဆေးပြီးနောက် စုဒိတကကို စစ်ဆေးရမည်၊ ၎င်းနောက် စုဒိတကပြသက်သေများ (အားလုံး)ကို စစ်ဆေးရမည်။ (ချန်လှပ်၍မထားရ) အချိန်မလောက်လျှင် ရက်ခွဲ၍ စစ်ဆေးရမည်။

၁၉၉။        နှစ်ဖက်သက်သေများကို စစ်ဆေးပြီးနောက် သံဃဝိနိစ္ဆယအဖွဲ့က ပြန်ခေါ်၍ ထပ်မံစစ်ဆေး လိုသော၊ သို့မဟုတ် ရုံးခေါ်သက်သေအဖြစ် စစ်ဆေးလိုသော သက်သေများရှိပါက စစ်ဆေးနိုင်သည်။ စစ်ဆေးရန်ရှိပါက ရက်ချိန်းပေးခြင်း၊ သို့မဟုတ် ဆင့်ခေါ်ခြင်း ပြုလုပ်ရမည်။

၂၀၀။        ပြန်ခေါ်သက်သေ ရုံးခေါ်သက်သေကို ချိန်းဆိုသည့်နေ့၌ စစ်ဆေးရန်ဖြစ်သည်။ ထို့နောက် စောဒကနှင့် စုဒိတကတို့အား နောက်ဆုံးတင်သွင်းလွှာများ တင်သွင်းကြရန် ရက်ချိန်းပေးရမည်။

၂၀၁။        နောက်ဆုံးတင်သွင်းချက်များ ပြည့်စုံပါက ဆုံးဖြတ်ချက်ချမှတ်ရန် ရက်ချိန်းပေးရမည်။

၂၀၂။         ဆုံးဖြတ်ချက်ချရန် ရက်ချိန်းပေးသောရက်တွင် ဆုံးဖြတ်ချက်မချနိုင်ပါက ထပ်မံရက်ချိန်း ပေး၍ ဆင့်ခေါ်စာကိုပါ ထုတ်ပေးလိုက်ရမည်။

၂၀၃။        သံဃဝိနိစ္ဆယအဖွဲ့သည် ပထမချိန်းဆိုရက်တွင် ဆုံးဖြတ်ချက် မချနိုင်ပါက ဒုတိယအကြိမ် ချိန်းဆိုရက်တွင် ဆုံးဖြတ်ချက်ချနိုင်အောင် ဆောင်ရွက်ရမည်။

၂၀၄။        စောဒက/စုဒိတကသည် ဆုံးဖြတ်ချက်ချမှတ်သည့်ရက်တွင် သံဃဝိနိစ္ဆယရုံးသို့ လာရောက် ရမည်။

၂၀၅။        သံဃဝိနိစ္ဆယအဖွဲ့သည် ဆင့်ခေါ်စာပေးပြီးပါက စောဒက/စုဒိတက စုံညီလာရောက်သည် ဖြစ်စေ၊ မလာရောက်သည်ဖြစ်စေ ဝိနိစ္ဆယဆုံးဖြတ်ချက်ချမှတ်ရမည်။ စောဒက/စုဒိတက မလာရောက် ပါက ပုံစံ(၇)ကိုသာ ဖတ်ကြားကြေညာ၍ လာရောက်ပါက ဆုံးဖြတ်ချက်အပြည့်အစုံကို ဖတ်ကြား ကြေညာရမည်။

၂၀၆။        မူလမှုခင်း၌ (အစစ်မခံလိုပါ)ဟု ငြင်းပယ်ခြင်းမပြုသော စောဒက/စုဒိတကများနှင့် နှစ်ဖက်သက်သေများကို ခေါ်ယူစစ်ဆေးခြင်းမပြုဘဲ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့က ဆုံးဖြတ်ချက် ချမှတ်ခြင်းမပြုရ။

အကယ်၍ ဆုံးဖြတ်ချက်ချမှတ်ခြင်းပြုခဲ့လျှင် ၎င်းသံဃဝိနိစ္ဆယအဖွဲ့၏ ဆောင်ရွက်ချက် အားလုံးသည် တရားမဝင်ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

             မြို့နယ်သံဃနာယကအဖွဲ့သည် ၎င်းမှုခင်းကို မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့သစ်ဖြင့် စောဒက/ စုဒိတကနှင့် နှစ်ဖက်သက်သေများကို စုံလင်စွာခေါ်ယူ၍ ပြန်လည်စစ်ဆေးရန် ညွှန်ကြားရမည်။

၂၀၇။        သံဃဝိနိစ္ဆယ ဆုံးဖြတ်ချက်ချပြီးနောက် မည်သည့်ဝိနိစ္ဆယစီရင်ချက်ကိုမျှ ပယ်ဖျက်ခြင်း၊ နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ အဓိပ္ပါယ်ဖွင့်ဆိုခြင်း မပြုရ။

၂၀၈။        သံဃဝိနိစ္ဆယအဖွဲ့သည် ဆုံးဖြတ်ချက်ချပြီးချိန်တွင် လာရောက်သည့် စောဒက၊ စုဒိတကတို့အား အယူခံ/မခံ အစဉ်အတိုင်း မေးမြန်း၍ ယင်းတို့ဖြေကြားသည့်အတိုင်း မှတ်တမ်းတင် ရေးသားပြီး စောဒက၊ စုဒိတကတို့အား လက်မှတ်ရေးထိုးစေ၍ နေ့စဉ်မှတ်တမ်း၌လည်း ရေးသွင်းလက်မှတ်ရေးထိုးထားရမည်။

၂၀၉။        ဆုံးဖြတ်ချက်ချမှတ်သည့်နေ့တွင် မလာရောက်သော စောဒက၊ စုဒိတကသည် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ၁၅-ရက်တွင်း သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ လာရောက်၍ ဆုံးဖြတ်ချက် ပုံစံ(၇)ကို ထုတ်ယူရမည်။

၂၁၀။        ဆုံးဖြတ်ချက် ပုံစံ(၇)ကို သတ်မှတ်ရက်အတွင်း ရရှိအောင် ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာ စောဒက၊ စုဒိတက၏ တာဝန်သာ ဖြစ်သည်။

၂၁၁။         သံဃဝိနိစ္ဆယအဖွဲ့ သဘာပတိဆရာတော်သည် အယူခံဝင်ရောက်မည့် စောဒက၊ စုဒိတက အား ဆုံးဖြတ်ချက်ချသည့်နေ့အပါအဝင် သတ်မှတ်ရက်အတွင်း (တိုင်းဒေသကြီး/ပြည်နယ် ရက်-၃၀၊ နိုင်ငံတော် ၄၅-ရက်) အယူခံဝင်ရောက်ရမည်ဟု ရှင်းလင်းပြောကြားရမည်။

၂၁၂။         သံဃဝိနိစ္ဆယအဖွဲ့သည် မိမိစစ်ဆေးစီရင်ဆုံးဖြတ်ခဲ့သည့် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်း ဆိုင်ရာ အမှုတွဲကို စာရွက်တိုင်း နောက်ကျောဘက်၌ သံဃဝိနိစ္ဆယအဖွဲ့ ရုံးတံဆိပ် ရိုက်နှိပ်၍ ယင်းတံဆိပ်အတွင်း၌ စာမျက်နှာနံပါတ်တပ်လျက် ကြိုးဖြင့်ဖိုင်တွဲပြုလုပ်ပြီးလျှင် သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့သို့ ဆုံးဖြတ်ချက်ချသည့်နေ့မှ ၅-ရက်အတွင်း စနစ်တကျ လာရောက် ပေးအပ်ရမည်။

၂၁၃။         ဆုံးဖြတ်ချက်ကို မကျေနပ်၍ အယူခံဝင်ရောက်လိုသော စောဒက၊ စုဒိတကသည် စီရင်ချက်ကို မိတ္တူကူးယူလိုပါက သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့သို့ အယူခံ သံဃဝိနိစ္ဆယအဖွဲ့အတွက်သာ အသုံးပြုပါမည်ဟူသော ဝန်ခံချက်ဖြင့် မိတ္တူကူးယူခွင့် လျှောက်ထားရမည်။

၂၁၄။         မြို့နယ်သံဃနာယကအဖွဲ့သည် လျှောက်ထားသည့်အတိုင်း သက်ဆိုင်ရာ သာသနာရေးမှူးအား သုံးရက်အတွင်း စတင်မိတ္တူကူးပေးရန် အကြောင်းကြားရမည်။

၂၁၅။         စီရင်ချက် မိတ္တူမှန်တွင် မြို့နယ်သံဃနာယကအဖွဲ့က မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုး၍ အဖွဲ့တံဆိပ်နှိပ်ပေးရမည်။

ရဟန်းသာမဏေနှင့် အခြားပုဂ္ဂိုလ်တို့ ဖြစ်ပွားသောမှုခင်း (ဝိနိစ္ဆယလက်စွဲ)

၃၄၇။    ရဟန်းသာမဏေနှင့် အခြားပုဂ္ဂိုလ်တို့ ဖြစ်ပွားသောမှုခင်းများအနက် အနုဝါဒါဓိကရုဏ်း မှုခင်းများကို သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့များက လုပ်ထုံးလုပ်နည်းများနှင့်အညီ သံဃဝိနိစ္ဆယ ဖွဲ့စည်းဆောင်ရွက်ရမည်။ ဝိဝါဒါဓိကရုဏ်းမှုခင်းများကို ဝိနည်းဓမ္မကံလုပ်ထုံး လုပ်နည်းများ အပိုဒ်(၂၄)အရ သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့များက စောဒနာလွှာ, သောဓနာလွှာကို စိစစ် လက်ခံ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ သံဃဝိနိစ္ဆယအဖွဲ့ လျာထားဆောင်ရွက်နိုင်ရန် လွှဲပြောင်း ပေးပို့ရမည်။

အနုဝါဒါဓိကရုဏ်း(ဝိနိစ္ဆယလက်စွဲ)

၃၄၈။        ရဟန်းသာမဏေနှင့် အခြားပုဂ္ဂိုလ်တို့ဖြစ်ပွားသော အနုဝါဒါဓိကရုဏ်းမှု(အာဇီဝဝိပတ္တိ၊ အာစာရဝိပတ္တိ အမှုများအပါအဝင်)ကို သက်ဆိုင်ရာမြို့နယ်ရှိ သက်ဆိုင်ရာဂိုဏ်း သံဃနာယကအဖွဲ့က အမှုကိုလက်ခံပြီး သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရမည်။

၃၄၉။        သက်ဆိုင်ရာ အစိုးရဌာနသည် ပထမပါရာဇိကနှင့် ပတ်သက်၍ တိုင်ကြားစာရရှိလျှင် ဖော်ပြ လတ္တံ့ပါအတိုင်း ဆောင်ရွက်ရမည်-

(က)    သတင်းရရှိခြင်းနှင့် သက်သေများစုဆောင်းခြင်း၊

(ခ)     သက်သေခိုင်လုံပါက ဝတ္ထုသည်မကို စစ်ဆေးခြင်း၊

(ဂ)     ဝတ္ထုသည်မက ဝန်ခံထွက်ဆိုပါက သက်ဆိုင်ရာ စုတိတက ရဟန်းကို စစ်ဆေးခြင်း၊

(ဃ)    ဝတ္ထုသည်မနှင့် စုဒိတကတို့က ဝန်ခံထွက်ဆိုပါက သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့သို့ လျှောက်ထား၍ ဝန်ခံလက်မှတ်ရေးထိုး ပရိသုဒ္ဓပြု လူဝတ်လဲစေခြင်း၊

(င)     ဝတ္ထုသည်မက ဝန်ခံ၍ သက်သေအထောက်အထား ခိုင်လုံပါလျက် စုဒိတက ရဟန်းက ဝန်မခံလျှင် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်နိုင်ရန် ဆောင်ရွက်ပေးခြင်း။

 

၃၅၀။        သက်ဆိုင်ရာမြို့နယ်တွင် သက်ဆိုင်ရာဂိုဏ်း၏ သံဃနာယကအဖွဲ့ မရှိလျှင် သုဓမ္မာ သံဃနာယကအဖွဲ့က အမှုကို စိစစ်လက်ခံပြီး သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းပြုရမည်။

၃၅၁။        တိုင်းဒေသကြီး/ပြည်နယ်အဆင့်သို့ အယူခံဝင်ရောက်ရာတွင် မူလမှုခင်းကို လက်ခံစစ်ဆေး သော မြို့နယ်သံဃနာယကအဖွဲ့နှင့် ဂိုဏ်းတူ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့က အယူခံဝင်စောဒနာလွှာကို စိစစ်လက်ခံ၍ တိုင်းအဆင့် သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရမည်။

၃၅၂။         တိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ အယူခံဝင်ရောက်နိုင်သည်။

၃၅၃။        ရဟန်းသာမဏေနှင့် အခြားပုဂ္ဂိုလ်တို့ဖြစ်ပွားသော ဝိဝါဒါဓိကရုဏ်းမှုခင်းကို သက်ဆိုင်ရာ မြို့နယ်ရှိ သက်ဆိုင်ရာဂိုဏ်းသံဃနာယကအဖွဲ့က စောဒနာလွှာ, သောဓနာလွှာတွင် လိုအပ်သော အချက်အလက်များ စုံလင်စွာ ပါ-မပါ စိစစ်လက်ခံပြီး အမှုတွဲကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ သက်ဆိုင်ရာ သာသနာရေးမှူး၏ အကူအညီဖြင့် ပေးပို့ရမည်။

၃၅၄။        သက်ဆိုင်ရာမြို့နယ်၌ သက်ဆိုင်ရာဂိုဏ်း၏ သံဃနာယကအဖွဲ့ မရှိလျှင် သုဓမ္မာသံဃနာယက အဖွဲ့က စောဒနာလွှာ သောဓနာလွှာစသည်တို့ကို စိစစ်လက်ခံပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ ပေးပို့ရမည်။

၃၅၅။        နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အပိုဒ် ၃၅၃၊ ၃၅၄တို့အရ ပေးပို့လာသော အမှုတွဲကို ပြည့်စုံမှု ရှိ-မရှိ စိစစ်လက်ခံ၍ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း အပိုဒ်၂၄(ခ)အရ ဂိုဏ်းပေါင်းစုံ ပါဝင် သော ဝိနည်းဓိုရ်ဆရာတော်များကို ရွေးချယ်လျာထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့သို့ လွှဲပြောင်းပေးပို့၍ သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ညွှန်ကြားရမည်။

 

Previous Page     Next Page