မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ

(ဝိနိစ္ဆယလက်စွဲ)

 

[သတ္တမအကြိမ်၊ နိုင်/ဗဟို၊ တတိယအစည်းအဝေး ၂၀၁၅ ပြင်ဆင်ချက်မှ အမှတ်စဉ်အတိုင်း ကောက်နုတ်ချက်]

၃၁၀။        ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၆(ခ) ညွှန်ကြားလွှာ-၇၅တို့အရ ​စောဒနာ လာပါက အကျဉ်းနည်းဖြင့် စစ်​ဆေးဆုံးဖြတ်နုင်ရန်အတွက် မြို့နယ်သံဃနာယကအဖွဲ့က သာသနာ တော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် မြို့နယ်သီးခြားသံဃဝိနိစ္ဆယ အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရမည်။

၃၁၁။        မြို့နယ်သံဃနာယကအဖွဲ့သည် မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းရာတွင် မြို့နယ် ဝိနည်းဓိုရ်စာရင်းမှ ရွေးချယ်စဉ်အရဖြစ်စေ၊ ရွေးချယ်စဉ်အရ မဟုတ်ဘဲဖြစ်စေ သင့်လျော်သလို ဖွဲ့စည်းနိုင်သည်။

၃၁၂။         မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့သည် အကျဉ်းနည်းအားဖြင့် ၃ရက်အတွင်း ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာများနှင့်အညီ စစ်ဆေးဆုံးဖြတ်ရမည်။

၃၁၃။        မြို့နယ်သံဃနာယကအဖွဲ့သည် မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက် ချက် အပြည့်အစုံကို အမှုတွဲနှင့်တကွ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့သို့ ပေးပို့အစီရင်ခံ ရမည်။

၃၁၄။        မြို့နယ်သံဃနာယကအဖွဲ့သည် ပါရာဇိကလောက်သော အနုဝါဒါဓိကရုဏ်းမှုကို မြို့နယ် သီးခြားသံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်စေခြင်း မပြုရ။

 

မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းခြင်း၊ အယူခံစောဒနာဝင်ခြင်းနှင့် အယူခံစောဒနာဝင်သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆုံးဖြတ်ခြင်း (ဝိလုပ်ထုံး)

၄၆။      (က)     ကျောင်းတိုက်စည်းမျဉ်းစည်းကမ်း မလိုက်နာမှု၊ သာမဏသာရုပ္ပ မဖြစ်သော အမှုများ ကို ကျူးလွန်မှုအတွက် အာစာရဝိပတ္တိ၊ အာဇီဝဝိပတ္တိဖြင့် စွပ်စွဲသည့် အနုဝါဒါဓိ ကရုဏ်းမှုခင်း၌ မြို့နယ်သံဃနာယကအဖွဲ့သည် စောဒနာလွှာရရှိသည့်နေ့မှ ၃ ရက် အတွင်း သင့်လျော်သော မြို့နယ်အဆင့်ရှိ ဝိနည်းဓိုရ်ဆရာတော်များဖြင့် မြို့နယ် သီးခြားသံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းပေးရမည်။

(ခ)       ယင်းမြို့နယ် သီးခြားသံဃဝိနိစ္ဆယအဖွဲ့သည် ဤလုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းနည်းဖြင့် စစ်ဆေး၍ ၃ ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်။

(ဂ)       ယင်းမြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်မရှိစေရ။

(ဃ)     မြို့နယ်သံဃနာယကအဖွဲ့ မရှိပါက နီးစပ်သင့်လျော်ရာ မြို့နယ်သံဃနာယကအဖွဲ့သို့ စောဒနာလွှာတင်သွင်းဆောင်ရွက်ခွင့်ရှိသည်။ စောဒနာလွှာရသည့်နေ့မှ(၅)ရက်အတွင်း တင်သွင်းစေ၍ မိတ္တူ(၁)စောင်ကို စောဒကအား ပေးရမည်။

(င)       ထို့နောက် အမှုတွဲပါ တရားဝင် တင်ပြချက်များနှင့် ထွက်ဆိုချက်များကိုသာ ဝေဖန် သုံးသပ်၍ စောဒက၏ မူလစောဒနာလွှာ၊ စုဒိတက၏ မူလသောဓနာလွှာတို့၌ ဖော်ပြ တောင်းခံထားသည့် အဆုံးအဖြတ်ကိုသာ ပယ်ချခြင်း/ ခွင့်ပြုခြင်း ပြုလုပ်လျက် သတ်မှတ်သည့်နောက်ဆက်တွဲပုံစံ(၇)ဖြင့် ဝိနည်းတရားတော်နှင့်အညီ ဆုံးဖြတ်ချက် ချရမည်။ ဝိဝါဒမှုခင်း မူလစောဒနာလွှာ၊ မူလသောဓနာလွှာတို့၌ ဖော်ပြတောင်းခံ ထားသည့် အဆုံးအဖြတ်တွင် အငြင်းပွားရာ၌ မပါဝင်သည့် ပစ္စည်းဘဏ္ဍာနှင့် ပုဂ္ဂိုလ်ကို ထည့်သွင်းဆုံးဖြတ်ခြင်း မပြုရ။

(စ)       ဆုံးဖြတ်ချက်ချပြီးသည့်နောက် မည်သည့်စီရင်ဆုံးဖြတ်ချက်ကိုမျှ ဖျက်ခြင်း၊ နှုတ်ပယ် ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုရ။

(ဆ)     ယင်းဆုံးဖြတ်ချက်တွင် သံဃဝိနိစ္ဆယအဖွဲ့ သဘာပတိနှင့် အဖွဲ့ဝင်ဆရာတော်များ အားလုံး လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် အားလုံးဆန္ဒမတူညီခဲ့သော် အဖွဲ့ဝင် ဆရာတော်တို့၏ များရာဆန္ဒလက်မှတ်ဖြင့် အတည်ပြု ဖြစ်စေရမည်။

(ဇ)       ဆန္ဒမတူညီသော ဝိနည်းဓိုရ်ဆရာတော်သည် ဆုံးဖြတ်ချက်စာရွက်ပေါ်၌ သဘော မတူပါဟု ရေးသား၍သာ လက်မှတ်ရေးထိုးရမည်၊ သီးခြားဆုံးဖြတ်ချက် ချမှတ်ခြင်း မပြုရ။

၄၃။      သံဃဝိနိစ္ဆယအဖွဲ့သည် ဝိနိစ္ဆယစီရင်ဆုံးဖြတ်ချက်ကို နှစ်ဖက်အမှုသည်များ ရှေ့မှောက်၌ ဖတ်ပြကြေညာရမည်။ ကြေညာပြီးနောက် သတ်မှတ်သည့် နောက်ဆက်တွဲပုံစံ(၇)ဖြင် ရေးသား ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်ကို နှစ်ဖက်အမှုသည်တို့အား ချက်ချင်းပေးအပ်ရမည်။ အကယ်၍ အမှုသည်များ လာရောက်ရန် ပျက်ကွက်လျှင် ယင်းတို့၏ မျက်ကွယ်တွင် စီရင်ဆုံးဖြတ်ချက်ကို ဖတ်ပြကြေညာနိုင်သည်။

၄၄။      သံဃဝိနိစ္ဆယအဖွဲ့က ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကို စစ်ဆေးရာတွင် သတ်မှတ်သည့် နောက်ဆက်တွဲပုံစံ(၈)အတိုင်း စစ်ဆေးရန်ဖြစ်သည်။

၄၅။      (က)     သံဃဝိနိစ္ဆယအဖွဲ့သည် မိမိစစ်ဆေးဆုံးဖြတ်ချက်ချမှတ်သည့် ဝိနည်းဓမ္မကံအဓိက ရုဏ်းမှုခင်းဆိုင်ရာ အမှုတွဲကို ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ(၅)ရက်အတွင်း သက်ဆိုင် ရာ သံဃနာယကအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရမည်၊

(ခ)       သက်ဆိုင်ရာ သံဃနာယကအဖွဲ့သည်- အယူခံစောဒနာဝင်လွှာ၌ သက်ဆိုင်ရာ အဖွဲ့အစည်းဝင် ဆရာတော်တစ်ပါးပါးကိုဖြစ်စေ၊ အဖွဲ့အစည်း တစ်ဖွဲ့လုံးကိုဖြစ်စေ၊ အက္ကောသဝတ္ထုတို့ဖြင့် ဆဲရေးခြင်း၊ ရင့်သီးစွာ ထိပါးပုတ်ခတ်ခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း၊ အာပတ်သို့ တင်၍ဖြစ်စေ၊ ဝတ္ထုကိုပြ၍ ဖြစ်စေ၊ စွပ်စွဲခြင်းတို့ကို ဖော်ပြခြင်းမပြုရ၊ ယင်းသို့ ဖော်ပြခြင်း မပြုရန် မြို့နယ်သံဃနာယကအဖွဲ့က အသိပေးရမည်။