သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော အစိုးရဓမ္မာစရိယစာမေးပွဲသို့ ကြွရောက်တော်မူလာကြသည့် ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား သွားရောက်ဖူးမြော်ကြည်ညို

၃၀- ၄- ၂၀၂၂ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက် ဖူးမြော်ကြည်ညိုပါသည်။

          ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီး အမှူးပြုသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပျဉ်းမနားစာဖြေဌာန ကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်းကို ဆက်ကပ်လှူဒါန်းပါသည်။ ယင်းနောက် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လှည်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိပါသည်။