ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ မျက်ပါးရွှေဆိုင်းများ ဝယ်ယူမည့် အစီအမံများအပေါ် ဝမ်းမြောက်စွာ သာဓုခေါ်ဆို

၁။      COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရွှေဆိုင်းလုပ်ငန်းများ ရပ်နားထားရသည်မှာ ၆ လခန့် ကြာမြင့်လာပြီဖြစ်သောကြောင့် ရွှေဆိုင်းလုပ်သားများနှင့် ရွှေဆိုင်းလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိကြောင်း “ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်း”၏ တင်ပြချက် အပေါ် ကုသိုလ်ယူဆောင်ရွက်ပေးရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဂေါပက အဖွဲ့များသို့ အကြောင်းကြားခဲ့ပါသည်။

၂။       ယင်းသို့ တိုက်တွန်းနှိုးဆော်ချက်အရ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က စွယ်တော်ဦးရွှေဆိုင်း လုပ်ငန်း၊ သကျနန္ဒီရွှေဆိုင်းလုပ်ငန်း၊ ဇင်ယော်ရွှေဆိုင်းလုပ်ငန်း၊ ရွှေယင်းမာရွှေဆိုင်းလုပ်ငန်းနှင့် ရှင်သန်ဆဲဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်းတို့ထံမှ မျက်ပါးရွှေဆိုင်းစုစုပေါင်း ၁၅၀၀ ကို အောက်တိုဘာလ စတုတ္ထပတ်တွင် ဝယ်ယူသွားမည့်အစီအမံကို တင်ပြလာပါသည်။

၃။      ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ရွှေဆိုင်းလုပ်သားများနှင့် ရွှေဆိုင်းလုပ်ငန်းရှင်များ၏ အခက် အခဲများကို အထိုက်အလျောက်ဖြေရှင်းနိုင်စေရန်အလို့ငှာ ရွှေဆိုင်း ၁၅၀၀ ဝယ်ယူဆောင်ရွက်သွားမည် ဆိုသည့်အပေါ် ဂုဏ်ယူမှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်းနှင့်  ဝမ်းမြောက်နုမော် သာဓုခေါ်ဆို အပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးဦးစီးဌာန