သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပန္နရသမအကြိမ်(၁၅ ကြိမ်မြောက်) ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပန္နရသမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉ ၃၀ အချိန်တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမစျေးကုန်းကျောင်းတိုက်ပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြသည်။

အခမ်းအနားတွင် မဟာဝိသုတာရာမစျေးကုန်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အနုမောဒနာ တရား နာကြားကာ ရေစက်သွန်းလောင်းအမျှပေးဝေ၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။သာသနာရေးဦးစီးဌာန