ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၀ ပြည့်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက် (၂၉-၇-၂၀၂၀) ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသော ဧည့်ပရိသတ် များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုး တော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီး များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော်အကြီးအကဲ များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။

သာသနာရေးဦးစီးဌာန