အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇) ပါးစုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့ကျင်းပ

ရန်ကုန် ဇူလိုင်လ- ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာဘိဝံသက ဆောင်ရွက်တော် မူသည်။

အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် သာသနာ့ ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင်ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြသည်။ ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာများနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး ဒုတိယနေ့ နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။

နေ့လယ် ၁၃ ၀၀ အချိန်တွင် အစည်းအဝေးကို ပြန်လည်စတင်ပြီး သာသနာရေးရာ၊ ပညာရေးရာ များနှင့် စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယ အဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန် ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်းလျှောက်ထားတော်မူကြပြီး ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင်ဆရာတော်က အတည်ပြုချက် ရယူ၍ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာ မူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူပြီး သာဓု သုံးကြိမ် ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ သာသနာရေးဦးစီးဌာန