အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ပဉ္စမအစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန်  ဇူလိုင်လ-   ၂၆

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး ပထမနေ့ကို ၂၆-၇-၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

       အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးများ၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူ လာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်းကြေညာသည်။

          ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

          ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျ အဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တ စိန္တိတာလင်္ကာရ  (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က  တင်သွင်း လျှောက်ထားသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာ ဘိဝံသက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။

    ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(တတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျယ်ကို အဖွဲ့ဝင်ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

          ယင်းနောက် ဝိနိစ္ဆယဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီး များက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး နံနက်ပိုင်းအစည်းအဝေးကို ရပ်နားသည်။

ယင်းနေ့ နေ့လယ် ၁၃ ၀၀ အချိန်တွင် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်း ကြေညာ၍ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယဆိုင်ရာကိစ္စများနှင့် သာသနာရေးရာ ကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူ ကြပြီး ပထမနေ့အစည်းအဝေးကို  ၁၆ ၀၀ အချိန်တွင် ရပ်နားခဲ့ကြောင်း သိရှိရပါသည်။ သာသနာရေးဦးစီးဌာန