နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၂၉-၅-၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ၊ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်၊ ရတနာသိဒ္ဓိကျောင်းဆောင်၌ ဥတ္တရသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဏိဇောတိကကျွဲရှင်းကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တပဒုမ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူခဲ့ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်နှင့် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။

          အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နေပြည်တော် ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဏိဇောတိကကျွဲရှင်းကျောင်းတိုက် ပဓာန နာယက၊ ဘဒ္ဒန္တပဒုမ ဆရာတော်ကြီးထံမှ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနာသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော်မူကြသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော် ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ရာဇာဓာနီ သာမဏေကျော်ကျောင်းတိုက် ပဓာန နာယက ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇောဘာသထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊

ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၆၅ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၉၆၀ ပါး၊ သီလရှင် ၁၃ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေနှင့်သီလရှင် ၉၇၃ ပါးတို့အား စုစုပေါင်း ဆွမ်းဆန်တော် ၁၉၈ အိတ် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။